လေကြောင်းတိုက်ခိုက်မှုများကြောင့် တာလီဘန်စစ်သွေးကြွ ကိုးဦးသေဆုံး

၂၆ နိုဝင်ဘာ 

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း လဂ်ရှ်မန်ပြည်နယ် ရှိ အာဖဂန်လေကြောင်းတပ်ဖွဲ့များ၏ သီးခြား လေကြောင်းတိုက်ခိုက်မှုနှစ်ခု ကြောင့် တာလီဘန်စစ်သွေးကြွ ကိုးဦး သေဆုံးခဲ့ကြောင်း အာဖဂန်အထူးတပ်ဖွဲ့ ဌာနချုပ်က ယနေ့ပြောကြားခဲ့သည်။

အာဖဂန်အမျိုးသားတပ်မတော် အထူးစစ်ဆင်ရေးအဖွဲ့ သည် အဲလင်စ်နှင့်အနီးနား အဲလင်ဂါ ခရိုင်များရှိ စစ်သွေးကြွများ၏တပ်ချထားရာနေရာများကို အတည်ပြုခဲ့ပြီးနောက်ပိုင်း ယမန်နေ့နှောင်းပိုင်းက လေကြောင်းတိုက်ခိုက်မှုများ စတင်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အာဖဂန်အမျိုးသားတပ်မတော် အထူးစစ်ဆင်ရေးအဖွဲ့ က ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။

အဆိုပါ ပစ်မှတ်ထားရာဒေသရှိ အဆောက်အအုံအချို့ကိုလည်း အာဖဂန်လေကြောင်းတပ်ဖွဲ့က ဦးတည် ဖျက်ဆီးခဲ့ကြသည်။

မြို့တော်ကဘူးလ်၏ အရှေ့ဘက် ၉၀ ကီလိုမီတာအကွာ လဂ်ရှ်မန်ဒေသ နေရာတော်တော်များများတွင် တာလီဘန်စစ်သွေးကြွများ တက်ကြွစွာလှုပ်ရှားခဲ့ကြသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး တာလီဘန်စစ်သွေးကြွအုပ်စု က မည်သည့်မှတ်ချက်မျှပြောကြားခြင်းမရှိသေးပေ။

တောင်ထူထပ်သောထိုနိုင်ငံတွင် ဆောင်းရာသီမတိုင်မီ ၎င်းတို့၏ နေရာများ တောင့်တင်းခိုင်မာစေပြီး နယ်မြေရယူရန်ကြိုးစားနေသော တာလီဘန်စစ်သွေးကြွများသည် အာဖဂန်နစ္စတန်နိုင်ငံအနှံ့ ပြင်းထန်သည့်တိုက်ပွဲများ ဆက်လက်လုပ်ဆောင်နေသည်ဟု ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို