ညိုဝင်း (ချစ်မြေ)

၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးဘဝင်း၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၊ မန်းဘခိုင်၊ ဦးရာဇာတ်၊ အတွင်းဝန် ဦးအုန်းမောင်နှင့် သက်တော်စောင့် ကိုထွေးတို့ မသမာသူတို့၏လုပ်ကြံမှုကြောင့် ကျဆုံးခဲ့ရ၏။

“ပျောက်သောသူရှာရင်တွေ့” နှင့် “ သေသောသူ ကြာရင်မေ့”ဟူသော ဆိုရိုးစကားက မြန်မာမှုနယ်ပယ်တွင် အရွယ်ရောက်သူတိုင်း လက်ခံထားသည့် စကားစုတစ်ရပ် ဖြစ်ပါသည်။ ထိုလောကထုံးပြု စကားစုသည် အာဇာနည်ခေါင်းဆောင်ကြီးများနှင့် ပတ်သက်၍ မမှန်ကန်ပါ။ အကြောင်းကား သူတို့၏ တိုင်းပြည်နှင့် လူမျိုးအပေါ်ထားရှိခဲ့သည့် မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ၊ ကိုယ်ကျိုး စွန့်မှုများကြောင့် ဖြစ်ပါသည်။ မြန်မာ့သမိုင်းစဉ်တွင် ယနေ့အထိ ရှာလည်းမတွေ့၊ ကြာလည်းမမေ့နိုင်သည့် မျိုးချစ်ပုဂ္ဂိုလ်များ ဖြစ်သောကြောင့်ပါပေသတည်း။ ဤကား ဆောင်းပါးခေါင်းစဉ်၏ ပထမဆုံးသော စကားခွန်းပါ။

လုပ်ကြံမှုခေါင်းဆောင် ဂဠုန်ဦးစောသည် တစ်ကြိမ်တစ်ခါက သေနတ်ဖြင့် ချောင်းပစ်ခံရဖူး၏။ ထိုဖြစ်ရပ်ကို ဂဠုန်ဦးစောက ဗိုလ်ချုပ်အောင်ဆန်း၏ ပယောဂမကင်းဟု သူ့နှလုံးသားဝယ် သံမှိုစွဲသလို စွဲမှတ်ထား၏။ ထိုအငြိုးအတေးကြောင့် ဗိုလ်ချုပ်အောင်ဆန်းကို ကလဲ့စားချေလိုစိတ် သူ့ရင်ဝယ် အစဉ်ကိန်းဝပ်နေ၏။ အခွင့်အခါကို အမြဲစိတ်ကူး၏။ ဂဠုန်ဦးစောက “ အောင်ဆန်းကို တခြားနေရာမှာ မလုပ်ကြံချင်ဘူး။ ရာဇာပလ္လင်ပေါ်က ပစ်ချချင်တယ်” ဟု ကြိမ်းဝါးဖူးကြောင်း စာစောင်တစ်စောင်၌ ဖတ်ဖူး၏။ ဤကား ဆောင်းပါးခေါင်းစဉ်၏ ဒုတိယမြောက် စကားခွန်းပါ။ အချိန်ကြာမြင့်သွားပြီဖြစ်၍ ထိုစာစောင်အမည်ကို မမှတ်မိတော့ပါ။ ထို့အတွက် စာရှုသူများက ခွင့်လွှတ်တော်မူကြပါ ခင်ဗျာ။

ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်သဘောရင်းမှန်ကို ဂဠုန်ဦးစော တိကျသေချာစွာ မသုံးသပ်နိုင်ခြင်းပင်။ ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်နှင့် လူမျိုးကိုချစ်၏။ တိုင်းပြည်နှင့် လူထု ကလည်း သူ့ကိုချစ်မည်ဟု အကြွင်းမဲ့ယုံကြည်ထားသည်။ ဒီးဒုတ်ဦးဘချိုက ဗေဒင်ပညာတတ်ကျွမ်းရာ မိမိနှင့် ဗိုလ်ချုပ်အောင်ဆန်းဇာတာတို့ကိုတွက်ကြည့်၍ သေကိန်းကြုံနိုင်ကြောင်းပြောရာ ဗိုလ်ချုပ်အောင်ဆန်းက လက်မခံပေ။

ထိုအခါ ဒီးဒုတ်ဦးဘချိုက “တို့ငမိုးကလည်း ပြောရခက်သား”ဟု ကွယ်ရာဝယ်ဆို၏။ ဤကား ဆောင်းပါးခေါင်းစဉ်၏ တတိယမြောက် စကားခွန်းပါ။ ဒီးဒုတ်ဦးဘချိုတို့က ငါးဆယ်ကျော် ခြောက်ဆယ်အရွယ်၊ ဗိုလ်ချုပ်အောင်ဆန်းက သုံးဆယ်ကျော် အရွယ်ဖြစ်၍ တူသားအရွယ်ဖြစ်သောကြောင့် ကွယ်ရာဝယ် ထိုသို့ခေါ်ခြင်းပါ။ အကယ်၍များ ဗိုလ်ချုပ်အောင်ဆန်းသည် ဒီးဒုတ်ဦးဘချို၏ ဗေဒင်ပညာကို လေးစားသောအားဖြင့် ယတြာအစီအစဉ် များ လက်ခံခဲ့ပါလျှင် သမိုင်းကြောင်းတစ်မျိုး တစ်မည်ပြောင်းသွားလေမလားဟု စာရေးသူ မြော်တွေးကြည့်မိပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသည့် နောက်နေ့တွင် မြန်မာ့အသံမှနေ၍ ဗိုလ်ချုပ်အောင်ဆန်း၏ မိခင်ကြီးဒေါ်စုက တိုင်းပြည်သို့ ပြောကြားအသံလွှင့်ပါ၏။ “ကျွန်မရင်မှဖြစ်သည့် သားအကြီးဆုံး မောင်ဘဝင်းနှင့် သားအထွေးဆုံး မောင်အောင်ဆန်းတို့ဟာ တိုင်းပြည်အကျိုးဆောင်ရွက်ရင်း အသေဆိုးနှင့် ကြုံခဲ့ရပါပြီ။ မိခင်တစ်ဦးအနေဖြင့် သားနှစ်ယောက်လုံး ဒီလိုဖြစ်ရတာ ဘယ်လောက်ထိ ဝမ်းနည်းကြေကွဲမယ်ဆိုတာ အားလုံးသိကြမှာပါ။ သို့သော်ငြားလည်း ကျွန်မသားတွေ အသက်ပေးရယူလိုတဲ့ လွတ်လပ်ရေးကို ကျန်တဲ့သူတွေက ညီညီညွတ်ညွတ်နဲ့ရအောင် ယူပေးနိုင်ရင် ဒီနေ့ကျွန်မရဲ့ ရင်မှာဖြစ်တဲ့ သောကပရိဒေဝ ပြေငြိမ်းနိုင်ပါလိမ့်မယ်။ အားလုံးညီညွတ်ကြပါလို့ ကျွန်မတောင်းဆိုပါတယ်” တဲ့။ ဤကား ဆောင်းပါးခေါင်းစဉ်၏ စတုတ္ထမြောက် စကားခွန်းပါ။ အာဇာနည်ခေါင်းဆောင်ကြီး နှစ်ဦး၏ မိခင်ပီပီ တိုင်းပြည်သို့ ကြေညာခဲ့သည့် စေတနာစကားအလှ။

မိမိတို့အားလုံး ရှာလည်းမတွေ့၊ ကြာလည်း မမေ့နိုင်သည့်အမျိုးကို ချစ်သော၊ လူမျိုးကိုတန်ဖိုးထားသောမျိုးဆက်သစ်များ ပေါ်ထွန်းလာနိုင်သည့် အမိမြန်မာပြည်ကြီး ဖြစ်ပါစေ။

တစ်ဦးနှင့်တစ်ဦး အာဃာတ ရန်မီးမထားဘဲ တစ်မိဝမ်းဖွားစိတ်ချင်းထားကာ ညီရင်းအစ်ကို၊ မောင်ရင်းနှမသဘောထားလျက် တိုင်းကျိုးပြည်ဝန်ကို မွန်မြတ်စွာထမ်းဆောင်နိုင်ကြပါစေ၊ ညီညွတ်ကြပါစေ။

လောကဓာတ်ပညာ၊ ရှေးပညာတို့ကိုအညီ လေးစားတန်ဖိုးထားလျက် ရှာဖွေဖော်ထုတ်တိုင်း နိုင်ငံကို အကျိုးပြုနိုင်ပါစေ။

လွတ်လပ်ရေးခရီးလမ်းဝယ် အသက်၊ သွေး၊ ချွေး၊ စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိမ်တို့ကို စွန့်လွှတ် အနစ်နာခံသွားကြသော အာဇာနည်ခေါင်းဆောင် အပေါင်းတို့၏ ကျေးဇူးသစ္စာကို စောင့်သိရိုသေပြီး တိုးတက်သော၊ ညီညွတ်သော၊ ခိုင်မြဲသော၊ ခံ့ညားသော နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံသားအားလုံး အပတ်တကုတ်ကြိုးပမ်းကြပါစို့ဟု တိုက်တွန်းရင်း ဤဆောင်းပါးကို နိဂုံးကမ္ပတ် အဆုံးသတ်အပ်ပါပေသတည်း။ ။