လေးလကျော်ကြာပြီးနောက် လူနာဟောင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ပြန်လည်တွေ့ရှိ

၂၅ ဩဂုတ်

ဟောင်ကောင်မှာနေထိုင်သူ အမျိုးသားတစ်ဦးတွင် လွန်ခဲ့တဲ့ လေးလကျော်က ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့တဲ့အတွက် ကုသပေးခဲ့ရာ ရောဂါပိုးပျောက်ကင်းခဲ့ပါတယ်။ လေးလခွဲကြာပြီးနောက် အဲဒီလူနာဟောင်းတွင် COVID-19 ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့ကြောင်း သုတေသနပညာရှင်တွေက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်မှ ပညာရှင် ကယ်လ်ဗင် ကိုင်ဝမ်တိုက ကိုရိုနာဗိုင်းရပ်စ်ပိုး တိုက်ခိုက်နိုင်တဲ့ ကိုယ်ခံအားမှာ တစ်သက်လုံးမခံကြောင်း၊ ပြန်လည်ကူးစက်ခံရနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံသူတွေအနေနဲ့ ပြန်လည်ကျန်းမာလာချိန်မှာ သူတို့မှာ ဗိုင်းရပ်စ်ပိုး မကူးစက်တော့ဘူးလို့ မမှတ်ယူသင့်ကြောင်း ပြောဆိုပါတယ်။

အသက် ၃၃ နှစ်အရွယ် အမျိုးသားဟာ ဉရောပမှ ဟောင်ကောင်ကို ဩဂုတ်လဆန်းက ပြန်လည်ရောက်ရှိစဉ် ဟောင်ကောင်မှာ ဗိုင်းရပ်စ်ပိုးစစ်ဆေးရန် တို့ဖတ်နမူနာကို ရယူခဲ့ရာမှ ရောဂါပိုး ပြန်လည်တွေ့ရှိခဲ့သူ ဖြစ်ပါတယ်။

ဟောင်ကောင်တက္ကသိုလ်မှ ပညာရှင်တိုက ဗိုင်းရပ်စ်ရောဂါပိုးကို ကာကွယ်ရေးမှာ တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေခြင်း၊ မျက်နှာဖုံးဝတ်ဆင်ခြင်းနဲ့ လက်ကိုဆေးခြင်းတွေကို အမြဲလုပ်ဆောင်ဖို့ လူတိုင်းကို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ရောဂါလက္ခဏာပေါ်လာခဲ့ရင် ဗိုင်းရပ်စ်ပိုးကို သွားရောက်စစ်ဆေးခံရမယ်လို့ ပြောပါတယ်။

ဗိုင်းရပ်စ်ရောဂါပိုးကို တိုက်ဖျက်ဖို့ ကူညီပေးတဲ့ ကိုယ်ခံစွမ်းအားဟာ အချိန်ဘယ်လောက်ကြာကြာအထိ ကာကွယ်ပေးနိုင်လဲဆိုတာ ရှင်းရှင်းလင်း မသိသေးဘူးလို့ ဆိုရမှာပါ။

အသက် ၃၃ နှစ်အရွယ် အမျိုးသားမှာ လွန်ခဲ့တဲ့ လေးလကျော်က ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် ဆေးရုံမှာ ၁၄ ရက်ကြာ ကုသပေးခဲ့ပါတယ်။ အဲဒီနောက် ဗိုင်းရပ်စ်ပိုး စစ်ဆေးရာ နှစ်ကြိမ်လုံးမှာ ရောဂါပိုးမတွေ့ခဲ့ကြောင်း သိရပါတယ်။ အခုချိန်မှာတော့ လေဆိပ်မှာ အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးရာတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

MDN

ကိုးကား - AFP