လေးမျက်နှာမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပွား

လေးမျက်နှာ ၃၀  သြဂုတ်  


ဧရာဝတီတိုင်းသေကြီး ဟင်္သာတခရိုင် လေးမျက်နှာမြို့နယ်တွင် ယမန်နေ့ နံနက် ၁၁ နာရီက သခွတ်ချောင်းကျေးရွာအုပ်စု ဂျမ်းကုန်းကျေးရွာရှိ မြစ်ကျိုးအင်းအတွင်း လှေဖြင့်ကန်စွန်းရွက်သွားခူးရာမှ တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ လေးမျက်နှာမြို့ အမှတ်(၄)ရပ်ကွက်တွင်နေထိုင်သည့် သေဆုံးသူ မယဉ်မျိုးပိုင်(၁၅)နှစ်သည် ညီအမဝမ်းကွဲတော်စပ်သူ မနှင်းနှင်းဦးနှင့် မောင်ဝမ်းကွဲတော်စပ်သူ မောင်ခန့်အောင်တို့နှင့်အတူ မြစ်ကျိုးအင်းအတွင်း ကန်စွန်းရွက်ခူးရန်အတွက် လှေလှော်၍ သွားရောက်ကြရာ အင်းကမ်းစပ်မှ ပေ (၅၀)ခန့် အကွာသို့အရောက်တွင် လှေမှာရေယိုလာသဖြင့် မယဉ်မျိုးပိုင်မှာ ကြောက်လန့်ကာ အင်းအတွင်းခုန်ချခဲ့သဖြင့် ရေနစ်ပျောက်ဆုံးခဲ့သည်။


ကျေးရွာသားများမှ လှေများ ပိုက်များဖြင့် လိုက်လံရှာဖွေခဲ့ရာ မွန်းလွဲ ၁ နာရီ မိနစ် ၂၀ တွင် အင်းကမ်းစပ်နှင့် ပေ(၄၀) အကွာတွင် မယဉ်မျိုးပိုင်အား (ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိ)ဖြင့် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ မယဉ်မျိုးပိုင်အား လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး လေးမျက်နှာမြို့မရဲစခန်းမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


ရွှေမိုး(လေးမျက်နှာ)