လေဖိအားနည်းရပ်ဝန်း ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်နိုင်

နေပြည်တော် ၁ ဇူလိုင်

 

၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်း‌ခြေတွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်း (Low Pressure Area)သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေ ပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၃)ပေခန့် ရှိနိုင်ပါသည်။

 

လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလမှ အကြံပြုထားသည်။

 

MDN