လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) ဆက်လက်တည်ရှိနေ

၂၀၂၂ ခုနှစ်၊ ဩဂုတ် ၉ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ယနေ့နံနက် ထုတ်ပြန်သည့် မိုးလေဝသ သတင်းအရ  ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ ဩရိဿ ပြည်နယ်ကမ်းခြေ - အင်ဒရာပရာဒေ့ရှ် မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area) သည် ဆက်လက်တည်ရှိနေသည်။ အဆိုပါ အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန်ကောင်းနေသည်။

ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင်တွင် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉  ပေမှ ၁၃ ပေခန့် ရှိနိုင်သည်။

 

နောက်နှစ်ရက်အတွက် ခန့်မှန်းချက်အနေဖြင့် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ပိုနေမည်။

နေပြည်တော်နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် မိုးအသင့်အတင့် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

မန္တလေးမြို့နှင့် အနီးတစ်ဝိုက်အတွက် ယနေ့ညနေအထိ ခန့်မှန်းချက်အနေဖြင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။

 

Credit> မိုးဇလ