လေဖြတ်သူတစ်ယောက်မဖြစ်စေဖို့ တို့တစ်တွေအားလုံးကြိုးစားစို့

 

ပါမောက္ခဒေါက်တာဖြူဖြူလေး

 

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့သည် ''ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့'' ဖြစ်ပါသည်။ လေဖြတ်ရောဂါသည် အသက်ကြီးငယ်မရွေး၊ ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အချိန်မရွေး၊ နေရာ ဒေသမရွေး ဖြစ်ပွားနိုင်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် လေဖြတ်ရောဂါသည် အသက်ဆုံးရှုံး စေသောရောဂါများတွင် ဒုတိယမြောက်အဆိုးဆုံးရောဂါ ဖြစ်ပြီး အသက်မဆုံးရှုံးဘဲကျန်ခဲ့လျှင်လည်း မသန်မစွမ်း ဖြစ်စေသောရောဂါများတွင် အဓိကဦးဆောင်နေသော ရောဂါတစ်ခုလည်းဖြစ်ပါသည်။

 

ယခုနှစ် ''ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့'' ၏ ဆောင်ပုဒ်မှာ အင်္ဂလိပ်ဘာသာဖြင့် ''Don't be the one '' ဖြစ်ပြီး ၎င်းနှင့်ဆီလျော်အောင် ဘာသာပြန်ဆိုထားသော ဆောင်ပုဒ်မှာ ''လေဖြတ်သူတစ်ယောက် မဖြစ်စေဖို့ တို့တစ်တွေအားလုံး ကြိုးစားစို့''ဟူ၍ ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဘဝတစ်သက်တာတွင် လူလေးယောက်လျှင် တစ်ယောက်သည် လေဖြတ်နိုင်ခြေရှိပါသည်။ သို့သော် လေဖြတ်ရောဂါသည် ကာကွယ်နိုင်သဖြင့် သင်သည် လူလေး ယောက်ထဲမှ လေဖြတ်ရောဂါခံစားရမည့်တစ်ယောက် မဖြစ် စေရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဇောင်းပေး၍ ယခုနှစ် အတွက် ဆောင်ပုဒ်ကို သတ်မှတ်ထားခြင်းဖြစ်ပါသည်။

 

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး (World Stroke Organization) က လတ်တလော ထုတ်ပြန် ထားသော အညွှန်းကိန်းများအရ ကမ္ဘာပေါ်တွင် လေဖြတ် ရောဂါခံစားနေရသူများမှာ ၁၄ ဒသမ ၅ သန်းမျှရှိပြီး လေဖြတ်ရောဂါကြောင့် သေဆုံးသူဦးရေမှာ ၅ ဒသမ ၅ သန်းမျှရှိပါသည်။ လေဖြတ်ရောဂါခံစားရပြီး အသက်ရှင် ကျန်ရစ်သူများမှာ သန်း ၈၀ ခန့် ရှိပါသည်။ လေဖြတ် ရောဂါသည် ဦးနှောက်အတွင်း သွေးသွားလာမှု ရုတ်တရက် ရပ်ဆိုင်းပြီး ဦးနှောက်ဆဲလ်များပျက်စီးခြင်းနှင့် သေဆုံး ခြင်းတို့ကြောင့် ဖြစ်ပွားခြင်းဖြစ်ပါသည်။ လေဖြတ်ခြင်း ကြောင့် ဖြစ်ပေါ် လာသော ရေတို၊ ရေရှည် ဆိုးကျိုးများသည် ဦးနှောက်အတွင်းရှိ မည်သည့်အစိတ်အပိုင်းကို ထိခိုက်မိ သည်၊ မည်မျှလျင်မြန်ထိရောက်စွာကုသနိုင်သည်ဆိုသည့် အချက်များပေါ်တွင် တည်မှီနေပါသည်။

 

လေဖြတ်ရောဂါကို အဓိကအားဖြင့် နှစ်မျိုးနှစ်စား ခွဲထားပါသည်။ ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း နှင့် ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်းတို့ ဖြစ်ပါသည်။

 

ဦးနှောက်သွေးကြောပိတ်၍ လေဖြတ်ခြင်း

 

ဤအမျိုးအစားသည် ဦးနှောက်အတွင်းရှိသွေးကြော များ ပိတ်သွားခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ဦးနှောက်အတွင်းသွေးကြောများ ကျဉ်းမြောင်း၍ သွေးစီးဆင်းမှုနှေးကွေးသွားကာ သွေးခဲများဖြစ်ပေါ်လာပြီး ပိတ်ဆို့သွားခြင်းကို Cerebral Thrombosis ဟု ခေါ်ပါသည်။

ဦးနှောက်သွေးကြောနံရံများတွင် အဆီများစုပုံခြင်း ကြောင့် ဦးနှောက်သွေးကြောများ မာကျောသွားခြင်း သည် ၎င်းကိုဖြစ်စေသော အဓိကအကြောင်းရင်း ဖြစ်ပါသည်။

 

ထို့ပြင် နှလုံးနှင့် လည်ပင်းရှိ သွေးကြောကြီးများမှ သွေးခဲများပြုတ်ထွက်၍ ဦးနှောက်သွေးကြောများတွင် လာရောက်ပိတ်ဆို့ခြင်းကြောင့်လည်း ဦးနှောက်သွေးကြော ပိတ်၍ လေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ ၎င်းကို Cerebral Embolism ဟုခေါ်ပါသည်။ ၎င်းကိုဖြစ်စေသော အဓိကအကြောင်းရင်းမှာ Atrial Fibrillation ဟုခေါ်သော နှလုံးခုန်မမှန်ခြင်းကြောင့်ဖြစ်သည်ကို တွေ့ရှိရပါသည်။

 

ဦးနှောက်သွေးကြောပေါက်၍ လေဖြတ်ခြင်း

 

ဦးနှောက်အတွင်းရှိသွေးကြောနံရံများ ပါးလွှာ၍ သွေးကြောပေါက်ပြီး ဦးနှောက်အတွင်း သွေးယိုခြင်း ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။ ၎င်းသည် ရုတ်တရက် သွေးပေါင်ချိန် မြင့်တက်ခြင်းကြောင့် လည်းကောင်း၊ သွေးကြောနံရံများ ပါးလွှာ၍ ဘောလုံးကဲ့သို့ဖောင်းကားလာခြင်းကြောင့် လည်းကောင်း၊ သွေးလွှတ်ကြောနှင့် သွေးပြန်ကြောအထုံးများ၊ ကွန်ရက်များ ဖြစ်ပေါ်ခြင်း ကြောင့်လည်းကောင်း ဖြစ်ပွားနိုင်ပါသည်။

 

အသေးစားလေဖြတ်ခြင်း

 

၎င်းသည် ဦးနှောက်အတွင်းရှိ သွေးကြောများသွေး သွားလာမှု ခေတ္တခဏပြတ်တောက်ခြင်းကြောင့် ဖြစ်ပေါ် ခြင်းဖြစ်ပါသည်။ ၎င်း၏လက္ခဏာများမှာ အကြီးစားလေဖြတ် ခြင်းလက္ခဏာများအတိုင်းပင် ဖြစ်ပါသည်။ ၎င်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများမှာလည်း အကြီးစား လေဖြတ်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရာများ နှင့် အတူတူပင်ဖြစ်ပါသည်။ သို့သော်၎င်းလက္ခဏာများသည် ၂၄ နာရီအတွင်း ပျောက်ကင်းသွားပါသည်။ ထို့ကြောင့် လူနာများသည် ၎င်းကို အလေးမမူမိဘဲ အရေးတယူ ကုသခြင်းမပြုလုပ်ခဲ့လျှင် တစ်ပတ်အတွင်း (သို့) တစ်လ အတွင်း အကြီးစားလေဖြတ်ခြင်းကို ဖြစ်ပေါ်စေပါသည်။ သို့ပါ၍ အသေးစားလေဖြတ်ခြင်း (TIA) ကိုခံစားရလျှင် တတ်ကျွမ်းနားလည်သောဆရာဝန်နှင့်ပြသ၍ TIA ကို ဖြစ်ပေါ်စေသော အကြောင်းတရားများကို ရှာဖွေပြီး တွေ့ရှိလျှင် ကြိုတင်ကုသထားခြင်းဖြင့် အကြီးစားလေဖြတ် ခြင်းကို ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လေဖြတ် ခြင်းကြောင့် ရေရှည်ဆိုးကျိုးတစ်ခုဖြစ်သော အသိဉာဏ်၊ မှတ်ဉာဏ်၊ စွမ်းဆောင်ရည် ကျဆင်းခြင်း (Vascular Dementia)ကိုလည်း ကာကွယ်နိုင်မည်ဖြစ်ပါသည်။

 

လေဖြတ်ခြင်း၏ လက္ခဏာများ

 

လေဖြတ်ရောဂါ၏ အဓိကလက္ခဏာများကို အလွယ်တကူမှတ်မိသိရှိစေရန်အတွင် FAST ဟုသတ်မှတ် ထားပါသည်။ ၎င်းအတွက် အောက်ပါမေးခွန်းသုံးခု ပါဝင်ပါသည်-

 

(၁) Face - သွားစိခိုင်း၊ ပြုံးခိုင်းပါက မျက်နှာတစ်ခြမ်းရွဲ့နေပါသလား။

 

(၂) Arms - လက်နှစ်ဖက်ကို မြှောက်ခိုင်းပါက တစ်ဖက်အားနည်းနေပါသလား။

 

(၃) Speech - စကားပီပီသသပြောနိုင်ပါသလား၊ ပြောသောစကားကို နားလည်ပါ သလား။

 

(၄) Time - အထက်ပါ လက္ခဏာများထဲမှ တစ်ခုခုကိုတွေ့ရှိပါက အလျင် အမြန် ဆေးရုံအရေးပေါ်ကားခေါ် ၍ ဆေးရုံသို့စေလွှတ်ပါ။

လေဖြတ်ရောဂါ လက္ခဏာများကို ဆောလျင်စွာတွေ့ရှိ သတိပြုမိပြီး ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ခြင်း၊ တတ် ကျွမ်းနားလည်သော ဆရာဝန်များနှင့် စနစ်တကျ အချိန်မီ အရေးပေါ်ကုသခြင်းတို့ဖြင့် အသက်ကိုကယ်တင်နိုင်ရုံမက ပြန်လည်သန်စွမ်းရေးတွင်လည်း ပိုမိုအထောက်အကူပြုစေ နိုင်ပါသည်။

 

 

လေဖြတ်ပြီးအသက်မသေဘဲ ကျန်ရစ်သူများသည် လေဖြတ်ခြင်းကြောင့်ဖြစ်ပေါ်သော နောက်ဆက်တွဲ ဆိုးကျိုးများကို ခံစားရပါသည်။ ၎င်းတို့မှာ ခြေလက်အင်္ဂါ မသန်မစွမ်းဖြစ်ခြင်း၊ စကားပြောဆိုဆက်သွယ်ရာတွင် အခက်အခဲဖြစ်ခြင်း၊ ၎င်းတို့၏တွေးခေါ်မှု၊ မှတ်ဉာဏ်၊ အသိဉာဏ်များ ပြောင်းလဲလျော့နည်းလာခြင်း၊ ဝမ်းသာ လွယ်ခြင်း၊ ဝမ်းနည်းလွယ်ခြင်း၊ ဒေါသဖြစ်လွယ်ခြင်း၊ စိတ် ပူပန်မှုပိုများလာခြင်း စသောစိတ်ခံစားမှုများ ပိုဖြစ်လာခြင်း တို့ကြောင့် အလုပ်မလုပ်နိုင်တော့ခြင်း၊ ဝင်ငွေမရရှိခြင်းနှင့် လူမှုပေါင်းသင်းဆက်ဆံရေးများ ဆုံးရှုံးခြင်း စသည်တို့ကို ရင်ဆိုင်လာရပါသည်။

 

ထို့ကြောင့် လေဖြတ်ရောဂါမဖြစ်ပွားစေရန် ကာကွယ် ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

 

ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး (WSO)က ဦးဆောင်၍ လေဖြတ်ရောဂါ ကာကွယ်ခြင်းလုပ်ငန်းများ ကို မူဝါဒများချမှတ်၍ အဓိကဆောင်ရွက်နေပြီး ၂၀၃၀ တွင် လေဖြတ်ရောဂါကို ၉၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်မည်ဟု ထုတ်ပြန်ထားပါသည်။ အဓိကအားဖြင့် လေဖြတ်ရောဂါ အဖြစ်များသော Low and Middle income Countries များအတွက် အဓိကထား ဦးတည်၍ ဆောင်ရွက်နေပါသည်။

 

၎င်းမူဝါဒများမှာ-

 

(၁) လေဖြတ်ရောဂါဖြစ်စေသော အကြောင်း တရားများရှိသော၊ လေဖြတ်နိုင်ခြေရှိသော သူများအား လေဖြတ်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ရန်အတွက် ဆေးများကို မီလီ ဂရမ်ပါဝင်မှု နည်းနည်းနှင့် နှစ်မျိုး၊ သုံးမျိုး ပေါင်း၍ပေးခြင်းကို ရရှိရန် (ဥပမာ-သွေးကျဲ ဆေး၊ သွေးတွင်းအဆီကျဆေး၊ သွေးပေါင်ကျ ဆေး စသည်ဖြင့်)၊

 

(၂) လေဖြတ်ရောဂါကို စနစ်တကျ ကုသစောင့် ရှောက်မှုပေးနိုင်အောင် ကျန်းမာရေးဝန်ထမ်း များ ပြုစုပျိုးထောင်ပိုမိုထုတ်လုပ်ပေးရန်၊

 

(၃) လေဖြတ်ခြင်းကို ကာကွယ်နိုင်မည့်သတင်းအချက်အလက်များကို အလွယ်တကူသိရှိနိုင် ရန် ဆန်းသစ်တီထွင်ထားသော အလွယ်တကူ သယ်ယူဖြန့်ဖြူးနိုင်မည့် နည်းပညာများကို ရရှိရန်တို့ဖြစ်ပါသည်။

 

လေဖြတ်ရောဂါ၏ ၉၀ ရာခိုင်နှုန်းသည် ကာကွယ်နိုင် ပါသည်။ ထိုသို့ကာကွယ်နိုင်ရန်အတွက် အဓိကလုပ်ဆောင် ရမည့် ပထမခြေလှမ်းမှာ လူတစ်ယောက်တွင်ရှိသော လေဖြတ်နိုင်စေသော အကြောင်းတရားများကို ရှာဖွေရန်၊ ကာကွယ်ရန်နှင့် ကုသရန်တို့ဖြစ်ပါသည်။

 

လေဖြတ်ရောဂါကို ကာကွယ်ရန်အတွက် လေဖြတ် ခြင်းကိုဖြစ်စေသော အဓိကအကြောင်းရင်း ၁၀ ချက်ကို ရှာဖွေ၍ကာကွယ်ထားရန်၊ ကုသထားရန်လိုအပ်ပါသည်။ ၎င်း ၁၀ ချက်မှာ-

 

(၁) သွေးပေါင်ချိန်ထိန်းညှိခြင်း၊

(၂) လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း၊

(၃) ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက် ခြင်း၊

(၄) ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း၊

(၅) နှလုံးခုန်မမှန်ခြင်းကိုကုသခြင်း၊

(၆) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(၇) အရက်အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

(၈) သွေးတွင်းအဆီဓာတ် ထိန်းညှိခြင်း၊

(၉) ဆီးချို၊ သွေးချို ထိန်းညှိခြင်း၊

(၁၀) စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် စိတ်ဓာတ်ကျ ခြင်းကို ကုသခြင်းတို့ဖြစ်ပါသည်။

 

(၁) သွေးပေါင်ချိန်ထိန်းညှိခြင်း

 

ကမ္ဘာပေါ်တွင် လေဖြတ်လူနာဦးရေ၏ထက်ဝက်ခန့် သည် သိသာထင်ရှားသော လက္ခဏာများမရှိဘဲ သွေးတိုး ရောဂါကို တိတ်တဆိတ်ခံစားနေရပြီး လေဖြတ်ရောဂါကို ခံစားရသောအခါမှသာ သွေးတိုးရောဂါရှိမှန်း သိကြပါ သည်။ ထို့ကြောင့်သွေးပေါင်မှန်မှန်ချိန်ခြင်းဖြင့် သွေးတိုး ရောဂါရှိ၊ မရှိကိုသိရှိနိုင်ပြီး အကယ်၍သွေးတိုးရောဂါ ရှိနေလျှင် လူနေမှုဘဝပုံစံပြောင်းလဲခြင်း၊ သင့်လျော်သော သွေးပေါင်ထိန်းညှိဆေးများ မှီဝဲခြင်းဖြင့် သွေးတိုးရောဂါကို ကုသနိုင်ပါသည်။

 

(၂) လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်း

 

နှစ်စဉ် လေဖြတ်ရောဂါလူနာအားလုံး၏ သုံးပုံ တစ်ပုံသည် ကိုယ်လက်အင်္ဂါလှုပ်ရှားမှုနည်းခြင်းနှင့် ဆက်စပ်နေပါသည်။ လေ့ကျင့်ခန်း တစ်ကြိမ်လုပ်လျှင် မိနစ် ၂၀ မှ ၃၀ ခန့်နှင့် တစ်ပတ်လျှင် ငါးကြိမ်ခန့် ပြုလုပ် လျှင် လေဖြတ်ခြင်းကို ၂၅ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။

 

(၃) ကျန်းမာရေးနှင့်ညီညွတ်စွာစားသောက်ခြင်း

 

လေဖြတ်လူနာအားလုံး၏လေးပုံတစ်ပုံခန့်သည် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသောက်ခြင်းမရှိသည်ကို လေ့လာတွေ့ရှိရပါသည်။ မှန်ကန်သောစားသောက်မှုပုံစံ ကို အနည်းငယ်မျှ ပြောင်းလဲပေးခြင်းသည်ပင်လျှင် လေဖြတ်ခြင်းကို လျှော့ချနိုင်သည့် ကြီးမားသောအကျိုး ကျေးဇူးကို ရရှိနိုင်ပါသည်။ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ခြင်းများကို (ဥပမာ- ကမ္ဘာ့အရှေ့အလယ်ပိုင်း ဒေသများတွင် စားသုံးသည့်ပုံစံဖြစ်သော ငါး၊ လတ်ဆတ် သော ရောင်စုံဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံနှင့် အစေ့အဆန်များ) ရွေးချယ်စားသုံးခြင်းဖြင့် ခန္ဓာကိုယ် အလေးချိန်ထိန်းညှိပေးခြင်း၊ သွေးပေါင်ထိန်းညှိပေးခြင်း၊ သွေးတွင်းအဆီဓာတ်များလျှော့ချပေးခြင်းတို့ကို ဖြစ်စေပြီး လေဖြတ်ခြင်းကို ကာကွယ်ပေးနိုင်ပါသည်။

 

(၄) ခန္ဓာကိုယ်အလေးချိန်ထိန်းခြင်း

 

လေဖြတ်လူနာ ငါးယောက်လျှင် တစ်ယောက်သည် ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထက်များနေခြင်း (Over Weight) ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အလေးချိန် ပုံမှန်ထက်များနေခြင်းသည် လေဖြတ်ရောဂါကို ၂၂ ရာခိုင်နှုန်း ဖြစ်ပွားစေပြီး အဝလွန်ခြင်း (Obese) သည် လေဖြတ်ရောဂါကို ၆၄ ရာခိုင်နှုန်း ဖြစ်ပွားစေသည်ကို တွေ့ရှိရပါသည်။ ခန္ဓာကိုယ်အလေးချိန် များလွန်းလျှင် သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ သွေးတွင်းအဆီများခြင်းနှင့် ဆီးချိုရောဂါအမျိုးအစား (၂)တို့ကို ဖြစ်ပွားစေပြီး လေဖြတ်နိုင်ခြေများပါသည်။ ထို့ကြောင့် ခန္ဓာကိုယ် အလေးချိန်ကို ထိန်းညှိပေးထားခြင်းဖြင့် လေဖြတ်နိုင် ခြေကို လျှော့ချနိုင်ပါသည်။

 

(၅) နှလုံးခုန်မမှန်ခြင်းကို ကုသခြင်း

 

Atrial Fibrillation ဟုခေါ်သော နှလုံးခုန်စည်းချက် မမှန်ခြင်းသည် လူအများစုက သတိမမူမိဘဲ ကြိုတင် ကုသကာကွယ်ထားခြင်းနည်းပါးသဖြင့် လေဖြတ် ရောဂါခံစားရသောအခါမှသာလျှင် သိရှိကြသော လေဖြတ် စေနိုင်သည့် အဓိကအရေးကြီးသော အကြောင်းရင်း တစ်ခုဖြစ်ပါသည်။ နှလုံးခုန်ခြင်းပုံမှန်ရှိသောလူများနှင့် နှိုင်းယှဉ်လျှင် နှလုံးခုန်မှုပုံမှန်မရှိသောလူများသည် လေဖြတ်နိုင်ခြေ ငါးဆခန့် ပိုများပါသည်။ ၎င်းလူနာများ လေဖြတ်လျှင် မသန်မစွမ်းဖြစ်မှု ပို၍ပြင်းထန်ပြီး သေဆုံးမှု နှုန်းလည်း ပိုများပါသည်။ သို့သော်လည်း နှလုံးခုန် မမှန်ခြင်းကြောင့်ဖြစ်သော လေဖြတ်ခြင်းကို ကာကွယ် ၍ ရပါသည်။

 

(၆) ဆေးလိပ်သောက်ခြင်းမှရှောင်ကြဉ်ခြင်း

 

လေဖြတ်သောလူနာ ၁၀ ယောက်လျှင် တစ် ယောက်သည် ဆေးလိပ်နှင့် ဆေးရွက်ကြီးသောက်သုံးခြင်း နှင့် ဆက်စပ်နေပြီး ဆေးလိပ်မသောက်သူများနှင့် နှိုင်း ယှဉ်လျှင် တစ်နေ့စီးကရက် အလိပ် ၂၀ သောက်သူ များသည် လေဖြတ်နိုင်ခြေခြောက်ဆခန့် ပိုများပါသည်။ အကယ်၍သင်သည် ဆေးလိပ်သောက်နေသူဖြစ်ပါက နောက်မကျသေးပါ။

 

ယခုချက်ချင်းဖြတ်လိုက်လျှင် သင်အပါအဝင် သင်နှင့် အတူတကွနေထိုင်သောသူများတွင်ပါ လေဖြတ်နိုင်ခြေနှင့် အခြားဆက်နွှယ်နေသော ရောဂါများကိုလည်း လျှော့ချပေး နိုင်မည် ဖြစ်ပါသည်။

 

(၇) အရက်အလွန်အကျွံသောက်ခြင်းမှ ရှောင်ကြဉ်ခြင်း

 

ကမ္ဘာနှင့်တစ်ဝန်းတွင် နှစ်စဉ် အရက်အလွန်အကျွံ သောက်သုံးခြင်းကြောင့် လေဖြတ်ရောဂါခံစားရသူ တစ်သန်းကျော်ရှိကြောင်း သိရှိရပါသည်။

 

(၈) သွေးတွင်းအဆီဓာတ် ထိန်းညှိခြင်း

 

ပြည့်ဝဆီများသော အစားအသောက်များစားသောက် ခြင်းဖြင့် သွေးတွင်းအဆီများ မြင့်တက်နိုင်ပါသည်။ လေဖြတ်လူနာ လေးယောက်လျှင် တစ်ယောက်သည် LDL Cholesterol များခြင်းနှင့် ဆက်နွှယ်နေပါသည်။ ထို့ကြောင့် သွေးတွင်းအဆီဓာတ်များTotal Cholesterol၊ LDL နှင့် Triglyceride စသော မကောင်းသောအဆီများ များနေခြင်း ရှိ၊ မရှိကို မှန်မှန်စစ်ဆေး၍ လူနေမှုပုံစံ ပြောင်းလဲခြင်းဖြင့် လည်းကောင်း၊ မိမိနှင့် သင့်လျော်သော သွေးတွင်းအဆီကျဆေးများ သောက်သုံးခြင်းဖြင့်လည်း ကောင်း သွေးတွင်းအဆီဓာတ်ကို ထိန်းညှိထားနိုင်ပါ သည်။

 

(၉) ဆီးချို/သွေးချိုထိန်းညှိခြင်း

 

လေဖြတ် လူနာငါးယောက်လျှင် တစ်ယောက်သည် ဆီးချို၊ သွေးချိုဝေဒနာခံစားနေရပြီး ၎င်းရောဂါမရှိသော လေဖြတ်လူနာများနှင့် နှိုင်းယှဉ်လျှင် လေဖြတ်ရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများကို ပိုမိုခံစားရကြောင်း တွေ့ရှိရ ပါသည်။ ထို့ကြောင့် ဆီးချို၊ သွေးချိုရောဂါ ရှိ၊ မရှိ မှန်မှန် စစ်ဆေးပြီး ကုသမှုကိုခံယူရမည်ဖြစ်ပါသည်။ ဆရာဝန် ညွှန်ကြားသည့် မိမိနှင့်သင့်လျော်သော ဆီးချို၊ သွေးချို ကျဆေးများ၊ အစာအာဟာရများနှင့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ဆီးချို၊ သွေးချိုကို ထိန်းညှိထားနိုင်ပါ သည်။

 

(၁၀) စိတ်ဖိစီးမှုလျှော့ချခြင်းနှင့် စိတ်ဓာတ်ကျခြင်းကို

ကုသခြင်း

 

လေဖြတ်လူနာခြောက်ဦးလျှင် တစ်ဦးသည် စိတ် ကျန်းမာရေးနှင့် ဆက်နွှယ်နေသည်ကို တွေ့ရှိရပါသည်။ လူလတ်ပိုင်းနှင့် လူကြီးပိုင်းတွင်ဖြစ်သော အကြီးစားနှင့် အသေးစား လေဖြတ်ရောဂါနှစ်မျိုးစလုံးသည် စိတ်ဖိစီးမှုများ ခြင်းနှင့် စိတ်ဓာတ်ကျခြင်းရောဂါများ၊ ဒေါသကြီးခြင်း၊ စိတ်ပူပန် မှုများခြင်း စသည်တို့နှင့် ဆက်နွှယ်နေသည်ကို တွေ့ရပါ သည်။ ၎င်းတို့သည် စိတ်ကျန်းမာရေးကောင်းသောသူများနှင့် နှိုင်းယှဉ်လျှင် နှစ်ဆခန့်ပိုများနေသည်ကို တွေ့ရှိရပါ သည်။ ထို့ကြောင့် ၎င်းရောဂါလက္ခဏာများကို ရှာဖွေ၍ တွေ့ရှိလျှင် ကုသမှုပေးထားခြင်းဖြင့် လေဖြတ်ခြင်းကြောင့် သေဆုံးမှုနှုန်းကို လျှော့ချနိုင်ပြီး ပြန်လည်သန်စွမ်းလာမှု ကိုလည်း အထောက်အကူပြုပါသည်။

 

အထက်ပါလေဖြတ်စေနိုင်သော အဓိကအကြောင်း တရား ၁၀ ချက်ကို ကောင်းစွာသိရှိနားလည်ပြီး ရှာဖွေ၊ ကာကွယ်၊ ကုသထားခြင်းဖြင့်-

 

(၁) လေဖြတ်နှုန်းကို ထိရောက်စွာနှင့် အဆများစွာ လျှော့ချနိုင်ခြင်း၊

 

(၂) လေဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခြင်းနှင့် ခန္ဓာကိုယ်မသန်စွမ်းဖြစ်ခြင်းတို့ကို လျှော့ချနိုင် ခြင်းတို့အပြင်

 

(၃) ကမ္ဘာနှင့်တစ်ဝန်းတွင် အဓိကရည်မှန်းချက် ဖြစ်သော နှလုံးသွေးကြောဆိုင်ရာရောဂါ၊ ကင်ဆာရောဂါ၊ ဆီးချို၊ သွေးချိုရောဂါနှင့် အသက်ဆုံးရှုံးခြင်း၏ အခြားသောအဓိက အကြောင်းရင်းများနှင့် နာတာရှည်ရောဂါ ဝေဒနာများဖြစ်ပွားနှုန်းကို လျှော့ချနိုင်ရန် စီမံချက်ချ၍ လုပ်ဆောင် အကောင်အထည် ဖော်မှုများတွင်လည်း တစ်တပ်တစ်အား ပါဝင်နိုင်မည်ဖြစ်ပေသည်။

 

အချုပ်အားဖြင့်ဆိုသော် ယခုနှစ် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ဆောင်ပုဒ်ဖြစ်သော ''လေဖြတ် သူတစ်ယောက်မဖြစ်စေဖို့ ၊ တို့တစ်တွေ အားလုံးကြိုးစား စို့'' ဟူသောဆောင်ပုဒ်နှင့်အညီ လေဖြတ်ရောဂါခံစားရ ခြင်းမှ ကင်းဝေးစေရန်နှင့် ကျန်းမာသောဘဝကို ပိုင်ဆိုင် ရရှိစေရန် အစွမ်းကုန် ဝိုင်းဝန်းပါဝင်ကြိုးစားကြပါရန် တိုက်တွန်းနှိုးဆော်ရင်း ယခုနှစ် ''ကမ္ဘာ့လေဖြတ် ရောဂါကာကွယ်ရေးနေ့'' ကို ကြိုဆိုဂုဏ်ပြုလိုက်ပါ သည်။ ။

ကြေးမုံ