လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်အချို့အား ထောက်ပံ့ကြေးပေးအပ်

မင်းတုန်း ၂၀ ဧပြီ

 

သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် ဧပြီ ၁၈ ရက်နေ့က တိုက်ခတ်သောလေပြင်းကြောင့် တိုင်တားကျေးရွာနှင့် သမင်ကတုတ်ကျေးရွာရှိ နေအိမ်ပျက်စီးမှုများအား ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူစိုး၊ တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးအေးလှိုင်ဦး၊ ကျောက်တိုင်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရန်နိုင်ထွန်းနှင့် သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေး ပရဟိတအဖွဲ့မှ ဦးဝင်းရွှေနှင့် ဦးမြင့်အောင်တို့က သွားရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

ထို့နောက် သဘာဝဘေးအန္တရာယ် ကူညီထောက်ပံ့ရေးပရဟိတအဖွဲ့မှ တိုင်တားကျေးရွာရှိ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲသွားသော နေအိမ်ပိုင်ရှင် ဒေါ်ပလေအား ထောက်ပံ့ငွေကျပ် နှစ်သိန်းနှင့် နေအိမ်အမိုး ပျက်စီးသွားပြီး ပြန်လည်ပြုပြင်ရန် အခက်အခဲရှိသော ဒေါ်ပလုံအား ငွေကျပ် တစ်သိန်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ချင်းကလေး(မင်းတုန်း)

 

IMG_201