လေထုညစ်ညမ်းမှုက ကလေးငယ် သန်းပေါင်း များစွာကို ဦးနှောက်ထိခိုက်အောင် လုပ်ဆောင်နေ

၅ ဇန်နဝါရီ

 

ကမ္ဘာတစ်ဝှန်းလုံးမှာရှိတဲ့ ကလေးငယ်ပေါင်း ၁၇ သန်းလောက်ဟာ အဆိပ်သင့်တဲ့ လေကို ရှူရှိုက်နေရပြီး ၎င်းတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်ခံနေရတယ်လို့ ကုလသမဂ္ဂ ကလေးများ အရေးပေါ် ရန်ပုံငွေအဖွဲ့ (UNICEF) ရဲ့ အစီရင်ခံစာ တစ်စောင်မှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုထိခိုက်ခံစားရတဲ့ ကလေးငယ်တွေရဲ့ သုံးပုံနှစ်ပုံကျော်လောက်က တောင်အာရှမှာ နေထိုင်ကြတဲ့ ကလေးငယ်တွေ ဖြစ်နေပြီး ၎င်းတို့ဟာ  ညစ်ညမ်းတဲ့ လေထုကို သတ်မှတ်ထားတဲ့ အတိုင်းအတာထက် ခြောက်ဆလောက်ပိုပြီး ထိတွေ့နေကြရတယ်လို့ သိရပါတယ်။

 

ညစ်ညမ်းတဲ့ လေအတွင်းမှာ ပါဝင်တဲ့ အမှုန်အမွှားတွေက ဦးနှောက်တစ်ရှူးတွေကို ထိခိုက်စေနိုင်ပြီး သိမြင်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ယိုယွင်းအားနည်း လာစေတယ်လို့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ အသက်ရှည် ကျန်းမာမှုပိုင်းမှာလည်း နောက်ဆက်တွဲ ဆိုးကျိုးပြသာနာတွေ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ ဆိုပါတယ်။

 

လေထုညစ်ညမ်းခြင်းဟာ ကလေးသူငယ်တွေရဲ့ ကျန်းမာရေးကို တစ်ကမ္ဘာလုံး အတိုင်းအတာအားဖြင့် အကြီးဆုံး ခြိမ်းခြောက်လာတဲ့ အန္တရာယ်တစ်ခု ဖြစ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း အသက်ငါးနှစ်အောက် ကလေးငယ် ၉၂၀ဝ၀ဝ လောက်ဟာ အဆုတ်ရောင် ရောဂါကို ခံစားနေကြရပြီး အသက် ၁ နှစ်အောက် ကလေးငယ်တွေမှာဆိုရင် အန္တရာယ်အကြီးဆုံး ဖြစ်နေပါတယ်။

 

နို့စို့ကလေးငယ်တွေရဲ့ ဦးနှောက်ကို ထိခိုက်စေခြင်း

 

ဦးနှောက်ဟာ ကလေးငယ်ရဲ့ ပထမဆုံးရက်ပေါင်း ၁၀ဝ၀ အတွင်းမှာ အဓိကကျတဲ့ ဖွဲ့ဖြိုးမှုတွေ စတင်လာပြီး ဒီအဆင့်မှာ အခြေခံကျတဲ့ ဦးနှောက်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေ စတင်ဖွဲ့စည်းလာပါတယ်။ ဒီလိုအရေးကြီးတဲ့ အချိန်ကာလ အတွင်းမှာ ညစ်ညမ်းတဲ့ လေထုနဲ့ ထိတွေ့လိုက်ခြင်းက ဖွံ့ဖြိုးမှုကို အကျိုးသက်ရောက် စေနိုင်တာဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

ဖွံ့ဖြိုးမှု ဖြစ်နေစဉ်အတွင်းမှာ နုငယ်တဲ့ ဦးနှောက်ဟာ အထူးသဖြင့် အသေးငယ်ဆုံးဆိုတဲ့ အဆိပ်ရှိ ဓာတုပစ္စည်းတွေကိုတောင်မှ ခံနိုင်ရည် မရှိပါဘူး။ ဒီအခြေအနေတွေက ကလေးငယ်ကို အသက်ရှူနှုန်း ပိုပြီးမြင့်မား လာစေခြင်းအားဖြင့် ပိုဆိုးအောင်လုပ်ပြီး အဆိပ်သင့်တဲ့ လေကို ပိုပြီးရှူရှိုက်မိစေတာ ဖြစ်တယ်လို့ သိရပါတယ်။

 

ဦးနှောက်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုတွေက ကလေးငယ်ရဲ့ အကောင်းဆုံးတွေးခေါ်နိုင်မှု၊ သင်ယူလေ့လာမှု၊ ကျန်းမာရေး၊ မှတ်ဉာဏ်၊ ဘာသာစကားနဲ့ အခြားစွမ်းရည်တွေကို ပုံဖော်ပေးတာ ဖြစ်တဲ့အတွက် လေထုညစ်ညမ်းမှုကို ကြိမ်ဖန်များစွာ ရှူရှိုက်ရတဲ့အခါ  ဦးနှောက်ပိုင်းဆိုင်ရာ ချိတ်ဆက်မှုကို အနှောင့်အယှက် ဖြစ်လာပြီး ကလေးငယ်ရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေတာ ဖြစ်ပါတယ်။

 

ကလျာမိုးမြင့်

 

ကိုးကား >> စီအန်အန်