လီဗာပူးနှင့် ချယ်လ်ဆီးတို့ ပွဲဦးထွက် ရှုံးနိမ့်ခဲ့သည့်ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၁)

၁၉  စက်တင်ဘာ

ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ စက်တင်ဘာ ၁၈ ရက် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း၌ ယှဉ်ပြိုင်ခဲ့သည့် အီတလီကလပ် နာပိုလီနှင့် လက်ရှိ ချန်ပီယံ အင်္ဂလန်ကလပ် လီဗာပူးပွဲစဉ်တွင် နှစ်ဂိုး-ဂိုးမရှိဖြင့် နာပိုလီအသင်း အနိုင် ရရှိခဲ့သည်။

ယင်းပွဲစဉ်တွင် အိမ်ရှင်နာပိုလီအသင်းသည် ၄-၄-၂ ကစားကွက်ဖြင့် ပွဲထွက်ခဲ့ပြီး ဧည့်သည် လီဗာပူးအသင်းသည် ၄-၃-၃ တိုက်စစ်ကစားကွက်ဖြင့် ပွဲထွက်လာသည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ပြီး ဂိုးကန်သွင်းခွင့်ရခဲ့သော်လည်း အဆုံးသတ်မသေချာမှုကြောင့် ဂိုးမရခဲ့ပေ။  ဒုတိယပိုင်း ပွဲချိန် ၈၂ မိနစ်တွင် နာပိုလီအသင်း ပယ်နယ်တီအခွင့်အရေးရခဲ့ပြီး မာတန်စ်က ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။

သာမန်ပွဲကစားချိန် မိနစ်ကိုးဆယ်ပြည့်ပြီး နာကျင်အချိန်ပိုတွင် အင်္ဂလန်ကလပ် စပါးအသင်းမှ နာပိုလီသို့ ပြောင်းရွှေ့လာသည့် လော်ရန်တီက နာပိုလီအတွက် အနိုင်သေချာမည့် ဒုတိယဂိုးကို သွင်းယူခဲ့သည်။ ပွဲပြီးချိန်တွင် ချန်ပီယံဟောင်း လီဗာပူးအသင်းသည် အီတလီမြေ၌ ပွဲဦးထွက်ရှုံးနိမ့်ခဲ့ရသည်။ ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှုမှာ လီဗာပူးအသင်းက အနည်းငယ်အသာစီးရရှိခဲ့ပြီး ဂိုးကန်သွင်းခွင့် ၁၃ ကြိမ်အနက် လေးကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။ အိမ်ရှင် နာပိုလီအသင်းသည် ဂိုးကန်သွင်းခွင့် ၁၀ ကြိမ်ရရှိခဲ့ပြီး ငါးကြိမ် ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့သည်။

ချန်ပီယံလိဂ် ၃၂ သင်းအဆင့် အုပ်စုပွဲစဉ်များမှ အခြားပွဲစဉ်ရလဒ်များအဖြစ် ချယ်လ်ဆီးအသင်းသည် အိမ်ကွင်း၌ ဗလင်စီယာကို တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ယင်းပွဲတွင် ဗလင်စီယာအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန် ၇၄ မိနစ်တွင် ရိုထရီဂိုကသွင်းယူခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းသည် ပွဲချိန် ၈၇ မိနစ်တွင် ချေပဂိုးရရှိရန် ပယ်နယ်တီအခွင့်အရေးရရှိခဲ့သော်လည်း ရော့စ်ဘာကလေ ကန်သွင်းခဲ့ရာ ဂိုးမဝင်ခဲ့၍ ရှုံးနိမ့်ခဲ့ရသည်။ လိုင်ယွန်နှင့် ဇင်းနစ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး အင်တာနှင့် ဆလားဗီးယားပရပ်ပွဲတွင်လည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည်။ အိုင်းယက်စ်က လိုင်လီကို သုံးဂိုး-ဂိုးမရှိ၊ လိုက်ပ်ဇစ်က ဘင်ဖီကာကို နှစ်ဂိုး-တစ်ဂိုး၊ ဆာ့လ်ဘက်က ဂျန့်ခ်ကို ခြောက်ဂိုး-နှစ်ဂိုး၊ ဒေါ့မွန်နှင့် ဘာစီလိုနာအသင်းသည် ဂျာမန်မြေ၌ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးခဲ့သည်။

သီဟ