လိမ္မာယဉ်ကျေးဖို့ကြိုးစားကြမယ်

၉ ဩဂုတ်

 

ကလေးလေးတို့အားလုံး မင်္ဂလာပါနော်။ မမက ကလေးတို့ကို အဖြစ်အပျက်လေး တစ်ခု ပြောပြလိုပါတယ်။ အဲဒါက နိုင်ငံ တစ်ခုမှာ မီးတွေလောင်တော့ မီးသတ်သမား တွေက မီးငြှိမ်းပေးကြတာပေါ့။ အဲဒီမှာ ထိခိုက်မိရင်း မီးသတ်ပိုက်ပေါက်သွားသတဲ့။ ကလေးလေးတစ်ဦးဟာ အဲဒီမီးသတ်ရေပိုက် အပေါက်ကို သူ့လက်ကလေးတွေနဲ့ ပိတ်ထားပြီး ရေမထွက်အောင်ထိန်းပေး နေသတဲ့။ သူလည်း ရေတွေစိုရွှဲနေတာပဲ။ လူကြီးတွေကတွေ့ပြီး သတိထားမိရာကနေ တစ်တိုင်းပြည်လုံးက ဂုဏ်ပြုကြ၊ နိုင်ငံတကာက ချီးကျူးကြနဲ့ သူက သူရဲကောင်းလေး ဖြစ်သွားတာပေါ့။ သူ့ကို သတင်းထောက်တွေက မေးသတဲ့။ အဲဒီလို ဘာလို့ကူညီတာလဲ ဆိုပြီးပေါ့။ သူက “ကျွန်တော်တတ်နိုင်တဲ့ ဘက်က လူကြီးတွေကို ကူညီပေးတာပါ လို့ ပြန်ဖြေတယ်။ လူတွေအပေါ် အကူအညီ ပေးတာ၊ စိတ်ချမ်းသာအောင် ထားတာ၊ ယဉ်ကျေးလိမ္မာတာတွေကို အားလုံးသဘော ကျကြတာပဲ။ ကလေးတို့ကို ဒီတစ်ပတ်မှာ မမက စိတ်နေစိတ်ထားနဲ့ ပတ်သက်တဲ့ အဓိကသော့ချက်လေး သုံးခုကို ပြောပြလို ပါတယ်။

 

ကိုယ်ချင်းစာပေးပါ

 

ကလေးတို့ မုန့်စားနေချိန်မှာ အနားမှာ အခြားရွယ်တူတစ်ယောက်က ငေးကြည့်နေ တာမျိုး ကြုံဖူးလား။ အမှန်က ကလေးတို့ စားသောက်ရသလို စားသောက်ခွင့်မရတဲ့ ကလေးလေးတွေ၊ မိဘတွေဆုံးရှုံးသွားလို့ အားငယ်နေတဲ့ ကလေးတွေနဲ့ စစ်ဘေး၊ သဘာ၀ဘေးတွေကြောင့် ဒုက္ခကြုံတွေ့ နေရတဲ့ ကလေးတွေ အများကြီးရှိပါတယ်။ သူတို့အတွက် ဖြစ်နိုင်ရင် ကိုယ်ချင်းစာပြီး ကိုယ့်ပတ်ဝန်းကျင်မှာရှိရင်လည်း ခွဲဝေကျွေး ကြရမယ်နော်။ အဲဒီလိုပဲ ပညာသင်ခွင့်မရတဲ့ ကလေးတွေကို ပညာသင်ပေးတာ၊ နေမကောင်း တဲ့ကလေးတွေကို ကြင်နာပေးတာနဲ့ မိဘရင်ခွင်နဲ့ဝေးနေတဲ့ ကလေးလေးတွေ ရှိရင်လည်း နူးနူးညံ့ညံ့ဆက်ဆံပေးရမယ် နော်။

 

ခွင့်လွှတ်ပေးပါ

 

စိတ်ဆိုးတဲ့အခါ ခွင့်မလွှတ်ချင်တဲ့ ခံစားချက်မျိုး ကလေးတို့ ဖြစ်ဖူးကြတယ် မဟုတ်လား။ သိပ်စိတ်ဆိုးစရာဆိုရင် ခွင့်လွှတ် ပေးဖို့ ခက်တာပေါ့နော်။ အမှန်က စိတ်ဆိုး လာတဲ့အခါ သူတို့ကို ပြောချင်တာ၊ ဆူပူချင်၊ ရိုက်နှက်ချင်တာတွေက မကောင်းတဲ့စိတ်တွေ တဲ့ ကလေးတို့ရေ။ စိတ်ဆိုးတဲ့သူဟာ ရုပ်လည်းဆိုးသွားသလို ဒေါသကြီးတဲ့အတွက် နေမကောင်းလည်း ဖြစ်တတ်ပါသတဲ့။ ဒါ့အပြင် ဒေါသတွေကြီးနေတဲ့ ကလေးကို ဘယ်သူကမှ မချစ်ရဲကြတော့ဘူးပေါ့နော်။ ဒါကြောင့် ကလေးတို့က သူများရဲ့အပြစ်တွေကို သိသည့်တိုင်အောင် ခွင့်လွှတ်ပေးလိုက်ပါ။ အဲဒါက ကလေးတို့အတွက်ရော၊ သူများတွေ အားလုံးအတွက် အေးချမ်းသွားတာပေါ့နော်။

 

စဉ်းစားပြီးယုံ

 

ကလေးအများစုက မစဉ်းစားဘဲ သူများကို ယုံကြည်လိုက်တာဆိုပြီး စစ်တမ်းတစ်ခုမှာ မမ ဖတ်လိုက်ရတယ်။ ကလေးတွေဆိုတော့လည်း လူကြီးတွေပြောတာ၊ သူငယ်ချင်းတွေ ပြောတာတွေထဲက အသစ်အဆန်းတစ်ခုခု ကြားလိုက်ရင် ယုံကြည်လိုက်ကြတာပေါ့။ မှားသလား၊ မှန်သလားဆိုတာကို ကလေး လေးတွေက ဘယ်လိုသိနိုင်ပါ့မလဲနော်။ အဲဒါ ကြောင့် ဘယ်လိုကိစ္စပဲဖြစ်ဖြစ်၊ ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ကလေးတို့ ယုံကြည် စိတ်ချရတဲ့ မေမေနဲ့ဖေဖေ၊ ဆရာ ဆရာမတွေ၊ ဘိုးဘိုး၊ ဘွားဘွားတွေကို မေးမြန်းပြီး သေချာ ပြီဆိုမှ ယုံကြည်သင့်ပါတယ်။ မမတို့ စာတွေ ရေးတဲ့အခါ လူကြီးတွေက ပြောပြဖူးတယ်။ “ကြားရင်လည်းမယုံနဲ့၊ မြင်ရင်တောင် တစ်ဝက်ပဲယုံတဲ့ တစ်ခါတစ်ရံမှာ ကားရှေ့ လူတစ်ယောက် လဲကျနေတယ်ဆိုပါစို့။ ကားတိုက်သွားတယ်ဆိုပြီး ထင်တာကို မပြောရဘူး။ တကယ်တိုက်မိတာလား။ သူ့ဟာသူလဲကျတာလား အမျိုးမျိုးဖြစ်နိုင် တယ်လေ။ အဲဒီတော့ ကလေးတို့လည်း သူများပြောတဲ့စကားတိုင်းကို မှန်လား၊ မမှန်လားဆိုတာ သေသေချာချာစဉ်းစားပြီးမှ ယုံကြည်စေချင်ပါတယ်။ အားလုံးပဲ စိတ်ချမ်း ချမ်းသာသာနဲ့ သူများတွေရဲ့အကျိုးကို သယ်ပိုးတဲ့ကလေးလေးတွေ ဖြစ်ကြပါစေနော်။

 

မမမေ