Line Walker -2 ရုပ်ရှင်ဇာတ်ကား ဇာတ်ဝင်ခန်းအချို့ ရန်ကုန် YMCA ခန်းမတွင် ဆက်လက်ရိုက်ကူး

ရန်ကုန် ၁၉ ဖေဖော်ဝါရီ 

 

Line Walker -2 ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်၊ သိမ်ဖြူလမ်းအနီးရှိ ရန်ကုန် YMCA ခန်းမ၌   ရိုက်ကူးခဲ့သည်။

 

နံနက် ၆ နာရီခန့်က စတင်ပြီး ရိုက်ကူးရေးအတွက် ဇာတ်ဝင်ခန်းအပြင် အဆင်များနှင့်အတူ အက်ရှင်ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးရေးအဖွဲ့သားများက   အချိန်ယူ ရိုက်ကူးခဲ့ကြသည်။

 

1

 

ရန်ကုန် YMCA အထွေထွေအတွင်းရေးမှူး ဒေါက်တာသာဉာဏ်က ``အခုလို ပြည်ပက ရုပ်ရှင်လာရိုက်ခြင်းအားဖြင့် မြန်မာကို ကမ္ဘာကသိသွားမယ်။ ကမ္ဘာက မြန်မာကို အမျိုးမျိုးမြင်နေကြတယ်။ အကောင်းမြင်တာရှိတယ်။ ဒွိဟသံသယတွေ ဖြစ်နေတဲ့သူတွေ ရှိတယ်။ အဲဒီသတင်းတွေဟာ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးမှုနဲ့ ပြည်ပဆက်ဆံရေးကို ထိခိုက်ပါတယ်။ မြန်မာကို ကမ္ဘာကသိဖို့ ဒီဇာတ်ကားက အရေးကြီးတယ်´´ ဟုပြောသည်။

 

2

 

သရုပ်ဆောင် အကယ်ဒမီ ဒေါ်မြင့်မြင့်ခိုင်က``အစ်မက ဒီဇာတ်ကားမှာ လိုအပ်တဲ့ နေရာလေးတွေမှာ ကူညီပေးရတာ။ ဈေးဆိုင်ခန်းတွေကို ရဲတွေတက်လာတဲ့ အခါမှာ အစ်မတို့လည်း ကြောက်လန့်တကြားနဲ့ ရဲတွေဒီကို ဘာလို့လာကြသလဲဆိုတဲ့ အခန်းလေးပါပဲ။ နိုင်ငံခြားက လာရိုက်တဲ့အတွက် ဂုဏ်ယူမိပါတယ်။    သူတို့အနေနဲ့လည်း မြန်မာနိုင်ငံမှာ လာရိုက်တာကို သဘောကျပါတယ်။ ကိုယ့်နိုင်ငံနဲ့ သူတို့နိုင်ငံနဲ့ပူးပေါင်းပြီးရိုက်တဲ့အတွက် ပညာတွေအများကြီးရတယ်။ မြန်မာနိုင်ငံဘက်မှာလည်း တော်တဲ့ပညာရှင်တွေ အများကြီးရှိပါတယ်´´ဟု ပြောသည်။

 

ယင်းဇာတ်ကားတွင် ရန်ကုန် YMCA ခန်းမ၌ ပြင်ဆင်ရိုက်ကူးမှုအနေဖြင့် အမျိုးသားတစ်ဦး တိုက်ပေါ်က ပြုတ်ကျသည့် ဇာတ်ဝင်ခန်း၊ တရားခံကို ရဲတပ်ဖွဲ့က လိုက်လံနှိမ်နင်းသည့် ဇာတ်ဝင်ခန်း၊ ပေါက်ကွဲမှုဖြစ်ပွားသည့် ဇာတ်ဝင်ခန်း၊ ဈေးဆိုင်ခန်းများ စသည့် ဇာတ်ဝင်ခန်းများကို ရိုက်ကူးသွားမည်ဖြစ်ကြောင်း ဒေါက်တာ သာဉာဏ်ထံမှသိရသည်။

 

3

 

သရုပ်ဆောင် အောင်မြင့်မြတ်က ``မြန်မာနိုင်ငံ အကြမ်းဖက်တိုက်ခိုက်ရေးအဖွဲ့က အထူးရဲအဖွဲ့ခေါင်းဆောင်အနေနဲ့  သရုပ်ဆောင်ရတယ်။ ဟောင်ကောင်လာတဲ့ အင်တာပိုလ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး လူဆိုးဖမ်းကြတယ်။  ဒီဇာတ်ကားရိုက်ရတာ ကျွန်တော်တို့အတွက် အတွေ့အကြုံတွေ အများကြီးရတယ်။ တန်ဖိုးလည်း ဖြတ်လို့မရဘူး။ ဒီနေ့ဆိုရင်လည်း အစမ်းလေ့ကျင့်မှုက အခါခါလုပ်နေရတယ်။ နှစ်ရက်လုပ်ရတာပါ။ ဒီနေ့က ဒုတိယနေ့ပါ။ အခုလိုပဲ ပြည်ပကလူတွေနဲ့ ရိုက်ရတဲ့အတွက် နိုင်ငံတကာမှာ ရုပ်ရှင်ရိုက်ရာမှာ အရည်အသွေးမြင့်အောင် ဘယ်လိုရိုက်ရလဲဆိုတာ သိလာတယ်။ နိုင်ငံတကာရုပ်ရှင်လောကမှာ အရည်အသွေးမြင့်အောင် ဘယ်လိုပြင်ဆင်ပြီး ရိုက်ရသလဲဆိုတဲ့ အတွေ့အကြုံတွေ အများကြီးရတယ်´´ ဟုပြောသည်။

 

4

 

ကယန်းအနုပညာအစည်းအရုံး တာဝန်ခံ ဂျွန်ဆီဇာ(အားအိုင်)က ``ကယန်း တိုင်းရင်းသားတွေအနေနဲ့ ဒီဇာတ်ကားအတွက် လာပြီးပူးပေါင်းပါဝင်တာပါ။ ကျွန်တော်တို့ ကယန်းတိုင်းရင်းသားတွေကို ဒီဇာတ်ကားရိုက်ကူးတဲ့ တာဝန်ရှိသူတွေက ဆက်သွယ်လာတယ်။ ယဉ်ကျေးမှုအနေနဲ့ဆိုတာထက် သူတို့က ဈေးဆိုင်ပြခန်းလေးနဲ့ လာပြီးပူးပေါင်းပေးဖို့ ကမ်းလှမ်းလာတာပါ။ 

 

ယဉ်ကျေးမှုရယ်၊ ဆေးဆိုင်ခန်းရယ်၊ ရက်ကန်းရက်တာရယ်၊ တီးမှုတ်တာတွေပြဖို့ပေးဖို့ တစ်ခန်းရပ်လောက် ပါဝင်ဖို့ ကမ်းလှမ်းလာပါတယ်။ ကယန်းအနုပညာ အစည်းအရုံးက စုစုပေါင်း ကျွန်တော်တို့လာတာ (၁၂)ယောက်ပါ။ အခုလို လာရောက်ရိုက်ကူးခြင်းအားဖြင့် ဌာနေတိုင်းရင်းသားတွေ၊ ယဉ်ကျေးမှုတွေကို ကမ္ဘာကသိသွားမယ်။ အဲဒါကို ကမ္ဘာကစိတ်ဝင်စားလာရင် ခရီးသွားလုပ်ငန်း ပိုမိုအောင်မြင်လာမယ်´´ ဟုပြောသည်။

 

Action ဇာတ်လမ်း ရိုက်ကူးရာတွင်ပစ်ခတ်မှု၊ ဖောက်ခွဲမှု၊ မော်တော်ကားများ အပြိုင်မောင်းနှင်မှု၊ ယာဉ်တိုက်မှု၊ ရဟတ်ယာဉ်ပျံသန်းမှု စသည့် ဇာတ်ဝင်ခန်းများသည့်အတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဌာနများနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ဝိုင်းဝန်းကူညီပံ့ပိုးပေးလျက်ရှိသည်။

 

5

 

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ လက်ထောက်ဌာနမှူး ဦးလှမင်းက ``ကျွန်တော်တို့ စည်ပင်သာယာကလည်း ရိုက်ကူးနေစဉ် ကာလအတွင်း တတ်နိုင်သမျှ အဆင်ပြေအောင် ပူးပေါင်းဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ရိုက်ကွင်းရိုက်တဲ့နေရာ မရှင်းရင် ရှင်းအောင်လုပ်ပေးရတယ်။ ရိုက်ကွင်းမှာ  လမ်းပိတ်တဲ့ကိစ္စတွေကို ယာဉ်ထိန်းရဲနဲ့ ပူးပေါင်းပြီးတော့ လမ်းတွေကို ရှင်းလင်းပေးရတာ ရှိပါတယ်။ အဲဒါတွေကို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ်။ အခုလို လာရောက်ရိုက်ကူးတဲ့အတွက်  မြန်မာနိုင်ငံရဲ့ အနေအထားကို ကမ္ဘာ့နိုင်ငံတွေက သိရှိပြီးတော့ နိုင်ငံတကာ ဧည့်သည်တွေ  ပိုမိုလာရောက် လည်ပတ်ခြင်းအားဖြင့် နိုင်ငံရဲ့ ဝင်ငွေတစ်ခု တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်´´ဟုပြောသည်။

 

သတင်း- ဥမ္မာသန့်၊ ဇော်ကြီး၊ ဓာတ်ပုံ-ရဲထွဋ်