လိပ်သိုဒေသရှိ ကျေးရွာများတွင် ငှက်ပျောမျိုးစုံ တစ်နိုင်တစ်ပိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

လိပ်သို     မေ  ၄       

                

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး  ဒေသခံပြည်သူများ သည် နှစ်ရှည်သီးနှံပင်များကိုသာ အဓိကထားစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ  စီးပွားရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးလုပ်ငန်းများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန် ငှက်ပျောများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

 

ဒေသခံများမှာ ဖာလာပင်၊ ကော်ဖီ၊ ကွမ်းသီး၊ ဒူးရင်း၊ ဒညင်း၊ ရော်ဘာ စသည့် နှစ်ရှည်သီးနှံများကို စိုက်ပျိုးရန် တောင်ယာများ ခုတ်ထွင်ရှင်းလင်းခြင်း၊ တောင်ယာများ မီးရှို့ပြီးနောက် ပထမနှစ်တွင် စားဖိုဆောင်သီးနှံများနှင့်အတူ ဒေသရေမြေနှင့် လိုက်ဖက်သော ရွှေနီ၊ သီးမွှေး၊ ရွှေဖြူ၊ ရခိုင် စသည့် ငှက်ပျောမျိုးများကို  စိုက်ပျိုးကြပြီး  မိသားစုအပိုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝန်းများအတွင်း၌ လည်းကောင်း၊ ဥယျာဉ်ခြံ မြေများတွင်လည်းကောင်း စိုက်ပျိုးကြပြီး ငှက်ပျောပင်များအကြားတွင်  နှစ်ရှည်သီးနှံပင်များကို ဆက်လက်စိုက်ပျိုးကြသည်။

 

ထို့ပြင် ငှက်ပျောသီးများကို လိပ်သိုမြို့နှင့် အနီးတစ်ဝိုက်ဖြစ်သော ကျေးရွာများနှင့် မြို့ကြီးများသို့ ပို့ဆောင်ရောင်းချလျက်ရှိပြီး ငှက်ပျောတစ်ဖီးလျှင် အမျိုးအစားနှင့် အရွယ်အစားအလိုက် ငွေကျပ်  ၂၀၀ဝ မှ ၃၀၀ဝ အထိရရှိကြောင်း  ငှက်ပျောစိုက်ပျိုးရောင်းချသူ တောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)