လိုက်ပ်ဇစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပွဲစဉ် ၁၈ မှာ ဘိုင်ယန်မြူးနစ်အသင်းက လိုက်ပ်ဇစ်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ အိမ်ရှင်လိုက်ပ်ဇစ်အသင်းက ပထမပိုင်းပွဲကစားချိန် မိနစ် ၂၀ မှာ ရိုမူလိုရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပေမယ့် အဝေးကွင်းကို လာရောက်ကစားခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းက ဒုတိယပိုင်းပွဲကစားချိန် မိနစ် ၅၀ မှာ ဂျီနာဘရီ၊ ၆၇ မိနစ်မှာ ဟယ်ရီကိန်း၊ ၈၃ မိနစ်မှာ ဂျေတက်၊ ၈၅ မိနစ်မှာ ပက်လိုဗက်နဲ့ ၈၈ မိနစ်မှာ အိုလစ်တို့က တစ်ဂိုးစီသွင်းယူပေးခဲ့လို့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းဟာ လိုက်ပ်ဇစ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ် ၁၈ ကစားပြီးချိန်မှာ ရမှတ် ၅၀ ရရှိကာ ဘွန်ဒက်လီဂါအမှတ်ပေးဇယားဒုတိယနေရာက ဒေါ့မွန်အသင်းကို ၁၁ မှတ်ဖြတ်ပြီး ဇယားထိပ်မှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့ပြင် ဘိုင်ယန်မြူးနစ်အသင်းဟာ ယခု ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါပွဲအားလုံး ရှုံးပွဲမရှိသေးတဲ့ စံချိန်မှတ်တမ်းကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ရရှိထားတာဖြစ်ပါတယ်။
လိုက်ပ်ဇစ်အသင်းကတော့ ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ပွဲစဉ် ၁၇ ပွဲ ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယား အဆင့်(၄) နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


