လှိုင်းဘွဲမြို့အဝင် ပန်းခြံရှေ့၌ World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်

လှိုင်းဘွဲ ဇွန် ၉

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ လူငယ်၊ လူရွယ်များ မူးယစ်ဆေးဝါးကင်းစင်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် လေထုညစ်ညမ်းမှု လျှော့ချကာကွယ်စေရေး ရည်ရွယ်ချက်အဖြင့် World Bicycle Day အထိမ်းအမှတ် အပျော်တမ်းစက်ဘီးစီးပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက လှိုင်းဘွဲမြို့အဝင်ပန်းခြံရှေ့၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အပျော်စီးစက်ဘီးစီးပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

World Bicycle Day အထိမ်းအမှတ် စက်ဘီးစီးပြိုင်ပွဲအား နံနက် ၈ နာရီအချိန်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသန်းက သေနတ်ပစ်ဖောက်၍ တာလွှတ်ပေးခဲ့ပြီး အပျော်တမ်းစက်ဘီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသော စက်ဘီးစီးအားကစားသမားများက လှိုင်းဘွဲမြို့မှ ကော့လှိုင်း - ဝင်းစိန် - တောင်ခြေရင်း - ကော့ဝန်း - ကမော့ကချူး - လှိုင်းဘွဲ မော်တော်ကားပတ်လမ်းအတိုင်း စီးနင်းယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်စက်ဘီးစီး အားကစားသမားများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေ တစ်ဦးလျှင် ငွေ ၁၀၀၀၀ ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ စက်ဘီးစီးပြိုင်ပွဲအား ဘားအံမြို့မှ စက်ဘီးစီးဝါသနာရှင်များနှင့် လှိုင်းဘွဲမြို့နယ်မှ စက်ဘီးစီးဝါသနာရှင်များ စုပေါင်း၍ စက်ဘီးစီးပြိုင်ခဲ့ကြပြီး စက်ဘီးစီးဝါသနာပါသူ လူငယ်၊ လူရွယ် စုစုပေါင်း ၁၀၃ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)