လှိုင်းဘွဲမြို့၌ မိုးလုံလေလုံအားကစားခန်းမ ဖွင့်ပွဲကျင်းပ

လှိုင်းဘွဲ   ဖေဖော်ဝါရီ   ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့တွင် ဖေဖော်ဝါရီ ၂ ရက်က ဘားအံ-လှိုင်းဘွဲ လမ်းဘေးရှိ အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးဝင်းအတွင်း၌ မိုးလုံလေလုံ အားကစားခန်းမဖွင့်ပွဲကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မြို့နယ်မိုးလုံလေလုံ အားကစားဖွင့်ပွဲသို့ ကရင်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစန်းကို၊ လှိုင်းဘွဲ စစ်ဗျူဟာအခြေချအဖွဲ့မှ ဗိုလ်မှူးကြီး စံထူးကျော်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွန်ကြားရေးမှူး ဦးစိုးနိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ယာယီရဲမှူး သိန်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက မြို့နယ်အားကစားခန်းမ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် လှိုင်းဘွဲမြို့နယ် အေရိုးဗစ်အဖွဲ့များနှင့် ပြည်နယ်လက်ရွေးစင် Myanmar Fitness Dance အဖွဲ့တို့က သရုပ်ပြဖျော်ဖြေကြပြီး ဖဲကြိုးကိုင်ကျောင်းသူလေးများနှင့် သရုပ်ပြအက အဖွဲ့များကို ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

အဆိုပါ မြို့နယ်မိုးလုံလေလုံအားကစားခန်းမမှာ အလျား ပေ ၁၂၀၊ အနံ ပေ ၉၀၊ အမြင့် ၂၂ ပေ၊ Steel Strature အမျိုးအစားဖြစ်ပြီး ၂၀၂၀- ၂၀၂၁ ခုနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ ကျပ် ၂၇၉၆ သိန်းဖြင့် မြသီတာအောင်စိုးစိုးကုမ္ပဏီက တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)