လှိုင်းဘွဲမြို့နယ်၌ ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်

လှိုင်းဘွဲ မေ ၂၄

 

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယနေ့တွင်လည်း ကျောင်းသား ကျောင်းသူများ အခြေခံပညာ သင်ကြားနိုင်ရေးအတွက် မိဘဘိုးဘွားများက ကျောင်းသို့ လာရောက် အပ်နှံလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် နိုင်ငံတော်မှ ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ကျောင်းအပ်လက်ခံပေးခြင်းအပြင် ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ထောက်ပံ့ပေးအပ်သည်။

 

လှိုင်းဘွဲမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာ အထက်တန်းကျောင်း ၄၂ ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း ၇၈ ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း ၂၀၁ ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း နှစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်း၊  အခြေခံပညာ အလယ်တန်း(ဘက)ကျောင်း တစ်ကျောင်း စုစုပေါင်း ၃၂၅ ကျောင်း ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများကို အခြေခံပညာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နယ်မြေဒေသအခြေအနေအရ မဖွင့်လှစ်နိုင်သည့် စာသင်ကျောင်း အရေအတွက်မှာ အခြေခံပညာ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် အခြေခံပညာ မူလတန်းကျောင်း ၁၁ ကျောင်း စုစုပေါင်း ၁၂ ကျောင်း ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

 

စောဒိ(ပြန်/ဆက်)