လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

လှိုင်းဘွဲ  ၊ ၂၇  ဇန်နဝါရီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၌ စတင်ထိုးနှံပေးသည်။

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းတွင် ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်များ၊ သူနာပြု ဆရာ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ အားလုံးပါဝင်ကြောင်း၊ ကျန်းမာရေး ဝန်ထမ်း လူဦးရေပေါ်မူတည်၍ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ ပြည်သူများအား ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဘေးကင်းစွာ ဆောင်ရွက်နိုင်ရန် ကာကွယ်ဆေးဆိုင်ရာ အကြောင်းအရာများ၊ ကာကွယ်ဆေးသိုလှောင်ခြင်း၊ စီမံခန့်ခွဲခြင်း၊ ဖြန့်ဝေခြင်းနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲခြင်း၊ ဆေးထိုးစုရပ်များ စီစဉ်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေး မထိုးသင့်သူများနှင့် ကာကွယ်ထိုးပြီး နောက်ဆက်တွဲ ပြဿနာများကို စောင့်ကြပ်စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်းနှင့် ကာကွယ်ဆေး ထိုးနှံခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုကို ဆက်သွယ်ပြောဆိုခြင်း အကြောင်းအရာ များကို ကျန်းမာရေး ဝန်ထမ်းများအား Online မှ တစ်ဆင့် သင်ကြားပို့ချ ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)