လှိုင်းဘွဲမြို့နယ်တွင် သစ်ခွဲစက်(၁၅)လုံး၊ တရာမဝင် သစ်မျိုးစုံ(၁၇၁၇)လုံးနှင့် သစ်ခွဲသား မျိုးစုံ(၄၆)တန်ခန့် ဖမ်းဆီးရမိ

နေပြည်တော် ၂၇ မတ်

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ အုပ်စုအတွင်း၌ မတ် ၂၅ ရက်က တရားမဝင်သစ်စက်များဖြင့် သစ်များခွဲစိတ်ခြင်း၊ ၎င်းသစ်များအား သံလွင်မြစ်/ ကားလမ်းအတိုင်း ဖောင်/စက်လှေ/မော်တော်ယာဉ်များဖြင့် အခြားနိုင်ငံသို့ ပို့ဆောင်ရောင်းချနေကြောင်း သတင်းအရ ပြည်နယ်ရဲအကူတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးကြီး သန်းဝင်း ဦးစီးသည့် တပ်ဖွဲ့ဝင်များ၊ ဘားအံခရိုင်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံတပ်မှ တပ်မတော်သားများ ပါဝင်သောပူးပေါင်းအဖွဲ့က သက်သေများနှင့်အတူ အဖွဲ့(၅)ဖွဲ့ခွဲ၍ ရွှေဂွန်းကျေးရွာ အုပ်စုအတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့သည်။

 

1

 

ထိုသို့ဖမ်းဆီးရာ စံပြအေးရပ်ကွက်နေ ဦးသန်းထိုက်ဦး ပိုင်ဆိုင်သည့် ခြံ၀င်းနှင့် ကူးတို့ဆိပ် သစ်စက်တို့မှ တရားမ၀င်သစ်မျိုးစုံ (၃၃၇)လုံး၊  သစ်ခွဲသားမျိုးစုံ(၆)တန်၊ သစ်ခွဲစက်(၂)လုံး၊  ကျောင်းလမ်းထိပ်၌ ဟန်မင်းအောင်ပိုင်ဆိုင်သည့် သစ်စက်မှ တရားမဝင် အခြားသစ်(၈၀)လုံး၊ သစ်ခွဲသားမျိုးစုံ(၃)တန်၊ သစ်ခွဲစက်(၂)လုံးနှင့် တရားမဝင် အခြားသစ် (၇)လုံးတို့အားလည်းကောင်း၊

 

အောက်တောရပ်ကွက်၊ ဝါးခုတ်တောကျေးရွာနေ ဦးအေးမောင် (စိစစ်ဆဲ) ပိုင်ဆိုင်သည့် ခြံဝင်းအတွင်းမှ အခြားသစ်(၁၄၅)လုံး၊ တကူဆိပ်ကျေးရွာနေ ဦးအောင်ကျော်မိုး ပိုင်ဆိုင်သည့် သစ်စက်မှ တရားမဝင် အခြားသစ်လုံး(၂၀၀)၊ သစ်ခွဲသားမျိုးစုံ(၅)တန်၊ သစ်ခွဲစက် (၂)လုံးနှင့် ကမ်းနီကျေးရွာနေ ကျော်ဒို့ပိုင်ဆိုင်သည့် သစ်စက်မှ တရားမဝင် အခြားသစ်လုံး(၂၀၀)၊ သစ်ခွဲသားမျိုးစုံ(၂)တန်၊ သစ်ခွဲစက်(၁)လုံးတို့အား လည်းကောင်း၊

 

အောက်တောရပ်ကွက်နေ စိုးဇော်ထူးပိုင်ဆိုင်သည့် သစ်စက်မှ တရားမဝင် သစ်မျိုးစုံ (၁၉၅)လုံး၊ သစ်ခွဲသားမျိုးစုံ(၇)တန်၊ သစ်ခွဲစက်(၂)လုံးနှင့် စံပြကျေးရွာနေ ဦးမယ်တမူး (ခ) ဦးဌေးဝင်းပိုင်ဆိုင်သည့် သစ်စက်မှ တရားမဝင် အခြားသစ်(၁၂၄)လုံး၊ သစ်ခွဲသားမျိုး စုံ(၃)တန်၊ သစ်ခွဲစက်(၄)လုံးတို့ အား ဖမ်းဆီးရမိခဲ့သည်။

 

အလားတူ အဆိုပါပူးပေါင်းအဖွဲ့မှ မတ် ၂၆ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဝါးခုတ်တော ကျေးရွာနေ ဦးအေးမောင်(စိစစ်ဆဲ)၏ သစ်စက်မှ တရားမဝင် အခြားသစ်(၄၂၉)လုံး၊ သစ်ခွဲသားမျိုးစုံ(၂၀)တန်၊ သစ်ခွဲစက်(၂)လုံးတို့အား ထပ်မံဖမ်းဆီးရမိခဲ့၍ ၎င်းတို့(၇)ဦးအား သစ်တောဥပဒေနှင့်အညီ အရေးယူသွားရန်စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN