လိုင်စင်မဲ့ကား နောက်မှဝင်တိုက်၍ ဆိုင်ကယ်စီးနင်းလာသူ မိသားစု(၃)ဦး သေဆုံး

ဒိုက်ဦး ၁၆ သြဂုတ်

 

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ် ဒိုက်ဦး-အုတ်သျစ်ကုန်း လမ်းတွင် သြဂုတ် ၁၅ ရက် နံနက် ၁၁ နာရီ ၁၀ မိနစ်က ဆိုင်ကယ်စီးနင်းလာသူ မိသားစု(၃)ဦးအား လိုင်စင်မဲ့ယာဉ် နောက်မှဝင်တိုက်၍ မိသားစုဝင်(၃)စလုံး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဒိုက်ဦးမြို့နယ် ဗျက်ကြီးကျေးရွာအုပ်စု၊ ဒိုက်ဦး-အုတ်သျှစ်ကုန်းလမ်းတွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူး ဒုရဲအုပ်ဖြူဖြူမွန်နှင့် ရဲတပ်ဖွဲ့ဝင်များသည် သက်သေများနှင့် သွားရောက်စစ်ဆေးရာ ဒိုက်ဦး-အုတ်သျှစ်ကုန်းလမ်း မိုင်တိုင်အမှတ် ၁၁/၃ နှင့် ၁၁/၄ ကြား ဗျက်ကြီးကျေးရွာ အနောက်ဘက်အထွက်တွင် ဒိုက်ဦး အုတ်သျှစ်ကုန်း လမ်းအတိုင်း ဒိုက်ဦးမြို့ဘက်မှ အုတ်သျှစ်ကုန်းဘက်သို့ အောင်မျိုးနိုင် (ခ) ဖိုးထောင် (၃၀)နှစ် ဒိုက်ဦးမြို့နေသူ မောင်းနှင်ပြီး သက်မျိုးသူ (ခ) ကိုသိုက် (၂၁)နှစ် မြ၀တီမြို့နေသူ လိုက်ပါလာသည့် KYN/ 4J----- နံပါတ်ပါ TOYOTA CROWN အမျိုးအစား ခဲရောင်ယာဉ် (ယာဉ်/မောင်းလိုင်စင် မရှိ)သည် အခင်းဖြစ်နေရာအရောက်တွင် အလားတူ ရှေ့မှ ဖုန်းသက်လွင် (ခ) ကြာစိ (၃၀)နှစ် ကျောက်တံခါးမြို့နယ်နေသူ မောင်းနှင်ပြီး ဆိုင်ကယ်နောက်တွင် ဇနီးဖြစ်သူ ဒေါ်စိုးစိုးအောင် (၃၀)နှစ်နှင့် သားဖြစ်သူ ဇွဲတည်ခန့် (၆)နှစ်တို့ လိုက်ပါလာသည့် ၆၂ယ/------- နံပါတ်ပါ ထိုင်းနိုင်ငံလုပ် Honda NCX 110 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား အရှိန်မထိန်းနိုင်ဘဲ နောက်မှ၀င်တိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းသူများ အသက်အန္တရာယ်စိုးရိမ်ရ ဒဏ်ရာအသီးသီးရရှိခဲ့၍ ဒိုက်ဦးဆေးရုံသို့ တင်ပို့ဆေးကုသမှုခံယူနေစဉ် မွန်းလွဲ ၁ နာရီခန့်တွင် မိသားစု(၃)ဦးစလုံး သေဆုံးခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား မဆင်မခြင် (သို့မဟုတ်) ပေါ့လျော့စွာ မောင်းနှင်ခဲ့ခြင်းကြောင့် လူများအား သေဆုံးဒဏ်ရာများ ရရှိစေခဲ့သူ ယာဉ်မောင်း အောင်မျိုးနိုင် (ခ) ဖိုးထောင်အား ဒိုက်ဦးမြို့နယ်ရဲစခန်းက အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ၎င်းတို့မောင်းလာသော  ယာဉ်သည် ကညနရုံးတွင် တရားဝင်မှတ်ပုံတင်ထားခြင်း မရှိကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း၊ ယင်းကားအား မြဝတီမြို့မှဝယ်ယူပြီး နေပြည်တော်ဘက်သို့ တရားမဝင် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထွက်ဆိုသဖြင့် ၎င်းယာဉ်အား တရားမဝင်သယ်ဆောင် လက်ဝယ်ထားရှိမောင်းနှင်သူ အောင်မျိုးနိုင် (ခ) ဖိုးထောင်နှင့် ယာဉ်အား တရားမဝင်သယ်ဆောင်ရာတွင် အားပေးကူညီသူ သက်မျိုးသူ(ခ)ကိုသိုက် တို့နှစ်ဦးအား ဒိုက်ဦးမြို့မရဲစခန်းမှ ဆက်လက်အမှုဖွင့် တရားစွဲဆို အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

နေလင်း(ညောင်လေးပင်)