လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် အောက်ဆီဂျင်ထုတ်လုပ်မှုအား ကယားပြည်နယ်၀န်ကြီးချုပ် သွားရောက်ကြည့်ရှု

လွိုင်ကော် စက်တင်ဘာ ၁၁

 

ကယားပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်းထောက်ပံ့ငွေဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင် ထုတ်လုပ်မှု အခြေအနေအား စက်တင်ဘာ ၁၁ ရက် နံနက်ပိုင်းက  သွားရောက်စစ်ဆေးကြည့်ရှုသည်။

 

ထိုသို့စစ်ဆေးရာတွင် ကယားပြည်နယ် ၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ထွန်းနိုင်ဦး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများက အောက်ဆီဂျင်စက် လည်ပတ်မှုအခြေအနေ၊ ထုတ်လုပ်နိုင်မှု ပမာဏာများနှင့် ပတ်သက်သည့် အခြေအနေများအား မေးမြန်းခဲ့ရာ ပြည်နယ်စက်မှုကြီးကြပ်မှ တာ၀န်ရှိသူက ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိသူတို့က အောက်ဆီဂျင်စက် လည်ပတ်​​နေမှု ထုတ်လုပ်နေမှု အခြေအနေ၊ အောက်ဆီဂျင်အိုး ထားရှိသည့် နေရာများအား ကြည့်ရှုစစ်ဆေးသည်။

 

ကယားပြည်နယ်တွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်စက် PSA Oxygen generation system ဖြင့်  25 m3/h  တစ်နေ့လျှင် လီတာ ၄၀ အိုး အလုံး ၁၀၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ ပြည်သူများ၏ ကျန်းမာရေးအတွက်အောက်ဆီဂျင်လိုအပ်ချက်များကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ထပ်မံ၍ အောက်ဆီဂျင်စက် PSA Oxygen generation system ဖြင့်  50 m3/h တစ်နေ့လျှင် လီတာ ၄၀ အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် စက်ကိုလည်း ပြည်နယ်အစိုးရက တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)