လှိုင်မြို့နယ်တွင် ကျောင်းဆရာမတစ်ဦး၏ နေအိမ်အတွင်းဝင်ရောက်၍ ရိုက်နှက်ကာ ပစ္စည်းများ လုယူသွားသူကို ဖမ်းဆီးရမိ

ရန်ကုန် ၁၉ မတ်

 

မတ် ၁၃ ရက် နံနက် ၉ နာရီက လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျသိဒ္ဓိ(၃)လမ်း၊ အမှတ်(၁၀၇)နေ တရားလို မ---- သည် နေအိမ်၌ရှိနေစဉ် ၎င်း၏နေအိမ်အောက် အမှတ်(၁၁၃) မြေညီထပ်နေ အစ်မတော်စပ်သူ မ-----(ကျောင်းဆရာမ)သည် နေ့စဉ် ၇ နာရီတွင် ကားဖြင့် ကျောင်းသို့သွားနေကျ ဖြစ်သော်လည်း နေအိမ်ရှေ့တွင် ကားရပ်ထားသည်ကို တွေ့ရှိသောကြောင့် ၎င်းထံရှိသည့် သော့အပိုတစ်ချောင်းဖြင့် သော့ဖွင့်ကြည့်ရှုရာ ၎င်း၏အစ်မဖြစ်သူမှာ မျက်နှာဖူးရောင်ဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲ သွေးထွက်ဒဏ်ရာများဖြင့် အိပ်ရာပေါ်၌ လဲကျနေသည်ကိုတွေ့ရှိသဖြင့် ၎င်း၏အစ်မဖြစ်သူကို ထိုးကြိတ်ရိုက်နှက်ခဲ့သူအား စုံစမ်းဖော်ထုတ် အရေးယူပေးပါရန် လှိုင်မြို့မရဲစခန်းသို့ အမှုဖွင့်တိုင်တန်းမှုဖြစ်သည်။

 

အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များနှင့် လှိုင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ်နှင့် ပတ်ဝန်းကျင်အား စုံစမ်းစိစစ်တွေ့ရှိချက်များအရ ပြစ်မှုကျူးလွန်သူမှာ လှိုင်မြို့နယ်၊ (၁)ရပ်ကွက်၊ ဇေယျသိဒ္ဓိ(၃)လမ်းနေ ပေကြီး(ခ)မျိုးနိုင်ဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ မတ် ၁၅  ရက်  မွန်းလွဲ ၂ နာရီ မိနစ် ၄၀ တွင် မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ ပေါ်တော်မူဘုရားရင်ပြင်၌ ဖမ်းဆီးရမိခဲ့သည်။

 

ဖမ်းဆီးရမိသူ ပေကြီး(ခ)မျိုးနိုင်အား အမှုဖြင့် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းသည် မတ် ၁၃ ရက် နံနက် ၁ နာရီခွဲတွင် အခင်းဖြစ်နေအိမ်သို့  မီးဖိုချောင်အခန်းရှိ သံပန်းအား (၁၀) ဂွင်းဂွဖြင့်ဖြုတ်ကာ စလိုက်ထိုးတံခါးကိုတွန်းဖွင့်၍ အခန်းအတွင်း ဝင်ရောက်ခဲ့ကြောင်း၊ မ----- မှာ အိပ်ရာမှနိုးလာသောကြောင့် ၎င်းတွင် အသင့်ပါလာသည့် အရှည်(၂)ပေ၊ လုံးပတ်(၅)မူးလုံးခန့်ရှိ သံပိုက်လုံးဖြင့် (၅)ချက်ခန့်ရိုက်နှက်ခဲ့ကြောင်း၊ မ----- မှာ လဲကျသွားခဲ့ကြောင်း၊ ထို့နောက် အိပ်ရာအနီးစားပွဲပေါ်ရှိ ရွှေထည်ပစ္စည်းများနှင့် Samsung Galaxy J-4+ အမျိုးအစား ဖုန်း(၁)လုံးတို့ကို ယူဆောင်၍ ပြတင်းပေါက်မှ ပြန်လည်ထွက်ခွာလာခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံ ရွှေထည်ပစ္စည်း(၆)မျိုးနှင့် လက်ကိုင်ဖုန်း(၁)လုံးတို့အား မူလပုံစံမပျက် ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန်သူ ပေကြီး(ခ)မျိုးနိုင်ကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရှိရသည်။

 

MDN