လှိုင်သာယာ စက်မှုဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ ကျူးကျော်အိမ်များနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများမီးလောင်မှုဖြစ်ပွား

ရန်ကုန် ၁၀ မတ် 


ရန်ကုန်မြို့ လှိုင်သာယာမြို့နယ် စက်မှုဇုန်(၁) ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ ကျူးကျော်အိမ်များနှင့် ဈေးအတွင်းရှိ ဈေးဆိုင်ခန်းများ မတ်လ ၉ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။


မီးလောင်မှုဖြစ်ပွားရခြင်းမှာ ယင်းနေ့ ညနေ ၅ နာရီခန့်က ကျူးကျော်အိမ်ရာများတွင် နေထိုင်သူ ဦးစိုးလွင်က ဓာတ်ဆီ ဝယ်လာအား ပလတ်စတစ်ပုံးထဲသို့ ဂါလန်ခွက်ဖြင့် ဆီထည့်ပေးနေစဉ် ဘေးရှိ လူတစ်ဦးမှ ဝရိန်ချောင်းဖြင့် ဝရိန်တို့ရာမှ မီးပွားထွက်ပြီး ဓာတ်ဆီပုံးသို့ မီးကူးစက်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


မီးလောင်မှုကြောင့် ဓနိမိုး၊ ဓနိကာ ကျူးကျော်အိမ် ၉၄ လုံးနှင့် အိုးအိမ်ဦးစီးဌာန ဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၃၂ ခန်းတို့ မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် မီးဘေးသင့်အိမ်ထောင်စု ၉၄ စု၊ ကျား ၁၆၁ ဦး၊ မ ၁၉၉ ဦး တို့အား ညောင်ကျေးရွာ ပိတောက်လမ်းရှိ အောင်မင်္ဂလာ ဘုန်းကြီးကျောင်းတွင် ကယ်ဆယ်ရေး စခန်းဖွင့်လှစ် ဆောင်ရွက်ထားရှိကြောင်း သိရသည်။


အောင်သူရ