လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ဖုန်း/ဆိုင်ကယ်နှင့် ရွှေဆွဲကြိုးခိုးမှု ကျူးလွန်သူ (၄) ဦးကို ဖမ်းဆီးရမိ

ရန်ကုန်  ၁၀   ဇူလိုင် 

 

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် ဇူလိုင်လ ၆  ရက် ည ၇ နာရီခွဲခန့်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်း ခိုး၊ဆိုး၊လု၊နှိုက်သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုများ ကျူးလွန်ထားကြောင်း ကြိုတင်သတင်းရရှိထားသူ သဲမိုးနိုင်၊ တာရာ၊ ကျော်ဝင်းမောင်မောင်နှင့် ချစ်ဦးမောင်တို့ (၄) ဦးကို (၁၉)ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းမပေါ်၌ CANDA-125  အမျိုးအစား ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိစစ်ဆေးရာ အဆိုပါ ဆိုင်ကယ်နှင့် ပတ်သက်၍ ၎င်းတို့ပိုင်ဆိုင်ကြောင်းအထောက်အထား တစ်စုံတစ်ရာ ပြောဆိုပြသနိုင်မှုမရှိသဖြင့် ဖမ်းဆီးခဲ့သည်။

 

ဖမ်းဆီးရမိသူ သဲမိုးနိုင်ပါ (၄) ဦးတို့ကို အခြားပြစ်မှုများ ကျူးလွန်ခဲ့ခြင်းရှိ/မရှိ အသေးစိတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ၎င်းတို့ (၄) ဦးသည် ၂၀၂၀ ပြည့်နှစ်၊ မေလနှင့် ဇွန်လတို့တွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်အတွင်းရှိ နေအိမ်အသီးသီးမှ လက်ကိုင်ဖုန်း အမျိုးမျိုး (၅) လုံး၊ ရွှေဆွဲကြိုး (၁) ကုံးနှင့် လမ်းဘေး၌ရပ်ထားသော KENBO CZI 125 အမျိုးအစား ဆိုင်ကယ်(၁)စီးအား ခိုးယူခဲ့ကြကြောင်း ထပ်မံစစ်ဆေး ပေါ်ပေါက်ပါသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ သက်သေခံပစ္စည်းများအား ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ခိုးမှုကျူးလွန်သူ သဲမိုးနိုင်ပါ(၄)ဦးကို ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

 

သတင်းစဉ်