လက်ဘနွန်-အစ္စရေးနယ်စပ် တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂအကြီးအကဲထပ်မံတောင်းဆို

ဂျီနီဗာ ဩဂုတ် ၁၀

 

လက်ဘနွန် - အစ္စရေးနယ်စပ် တည်ငြိမ်ရေးအတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဩဂုတ် ၈ ရက်တွင် ထပ်မံတောင်းဆိုခဲ့သည်။ လက်ဘနွန်နှင့် အစ္စရေး နယ်စပ်တွင် တင်းမာမှုများ အရှိန်မြင့်လာသည့်အတွက် နက်ရှိုင်းစွာ စိုးရိမ်ပူပန်မိသည်ဟု အထွေထွေ အတွင်းရေးမှူးချုပ်က ပြောသည်။

 

လက်ဘနွန်နိုင်ငံအတွင်းမှ အစ္စရေးနိုင်ငံဘက်သို့ ဒုံးကျည်များ ပစ်ခတ်ခြင်းနှင့် အစ္စရေးဘက်မှ လက်ဘနွန်သို့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီးများနှင့် ပစ်ခတ်မှုတို့ပြုလုပ်ခဲ့ခြင်းကြောင့် တင်းမာနေရသည့် အခြေအနေများအပေါ် စိုးရိမ်ရသည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သတင်းထုတ်ပြန်ရေးရုံးက ပြောသည်။

 

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ ပေါက်ကွဲမှုအပြီး တစ်နှစ်အကြာ စီးပွားရေးနှင့် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှုများကြား ကျရောက်နေချိန် ယခုလို လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ ပေါ်ပေါက် ခဲ့ခြင်းဖြစ်သည်။ လက်ဘနွန်နှင့် အစ္စရေးနယ်စပ်တွင် တည်ငြိမ်မှုရှိစေရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ဩဂုတ်၆ရက်တွင်လည်း တစ်ကြိမ် တောင်းဆိုခဲ့ပြီး ဖြစ်သည်။

 

ဆင်ဟွာ