လက်ဘနွန်ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့က အစ္စရေးအားတိုက်ခိုက်

 

ဘေရွတ်   မေ   ၆

အစ္စရေး၏    လက်ဘနွန်နိုင်ငံတောင်ပိုင်းအား တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့က ယနေ့တွင် အစ္စရေးနိုင်ငံအတွင်းရှိ နယ်မြေများနှင့် စစ်စခန်းများကို ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယမန်နေ့က အစ္စရေး၏ တိုက်ခိုက်မှုအတွင်း အရပ်သားလေးဦးသေဆုံးခဲ့ခြင်းနှင့် နေအိမ်များ ပျက်စီးခဲ့ရခြင်းအတွက် ယခုကဲ့သို့တုံ့ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယင်းစစ်သွေးကြွအဖွဲ့က ထပ်လောင်း ပြောကြားသည်။

အစ္စရေးနိုင်ငံအတွင်းရှိ ကီရတ်ရှာမိုနာ၊ အဗီဗင်း၊ ရှာတူလာ၊ ကီပါရူဗာ၊ ကီပါးဂျီလာဒီနှင့် ဇော်ယာဒေသများအား လက်ဘနွန် ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့က တိုက်ခိုက်ခဲ့သည်။

လက်ဘနွန်-အစ္စရေးနယ်စပ်မှ ကီလိုမီတာ ၁၀၀ ခန့်အကွာတွင်ရှိသည့် Al-Safari မြို့၌ ယနေ့ နံနက် အရုဏ်တက်ချိန်တွင် အစ္စရေးတပ်ဖွဲ့က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းနှင့် ယင်းစီးနင်း တိုက်ခိုက်မှုကြောင့် အိမ်တစ်လုံးနှင့် တစ်ရှူးစက္ကူထုတ်လုပ်သည့် စက်ရုံတစ်ရုံပျက်စီးခဲ့ပြီး ဒေသခသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နှစ် အောက်တိုဘာ ၈ ရက်မှ စတင်၍ ဟစ်ဇ်ဘိုလာစစ်သွေးကြွအဖွဲ့သည် ဟားမတ်စ်အဖွဲ့နှင့် တစ်သားတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးအား စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးကလည်း လက်ဘနွန်နိုင်ငံ အရှေ့တောင်ပိုင်းသို့ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်။

ကိုးကား- ဆင်ဟွာ၊

ဘာသာပြန် - စိုးသူရ