လက်ဘနွန်နိုင်ငံ၏ ပညာရေးကဏ္ဍအတွက် ပံ့ပိုးကူညီမှု နော်ဝေ တိုးမြှင့်မည်

ဘေရွတ် ၂၉ မတ်

 

နော်ဝေနိုင်ငံသည် အစိုးရကျောင်းများရှိ ဆီးရီးယားဒုက္ခသည်များ၊ လက်ဘနွန်ကျောင်းသူ/ကျောင်းသားများကို ပညာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ရန် လက်ဘနွန် ပညာရေးဝန်ကြီးဌာနသို့ ပံ့ပိုးမှုများ ဆက်လက်ပြုလုပ်မည်ဟု လက်ဘနွန်နိုင်ငံဆိုင်ရာ နော်ဝေသံအမတ်ကြီး လန်နီနာတာရှာက ပြောကြားသည်ဟု ဒေသန္တရမီဒီယာများက ရေးသားဖော်ပြသည်။

 

အကူအညီပေးရေး အစီအစဉ်တိုးမြှင့်ရန်နှင့် ပညာရေးအဆင့်အတန်း မြှင့်တင်ရေးတွင် လက်တွဲလုပ်ဆောင်ရန် နှစ်နိုင်ငံကြား အပြန်အလှန်လည်ပတ်မှုများ တိုးမြှင့်သင့်ပြီး ဝန်ကြီးဌာနနှင့် နှစ်ဦးနှစ်ဖက် အစည်းအဝေးများ ပိုမို ကျင်းပသင့်ကြောင်း နာတာရှာအားကိုးကား၍ နေရှင်နယ်သတင်းဌာနက ဖော်ပြသည်။

 

သူမ၏ အဆိုပါမှတ်ချက်စကားများကို လက်ဘနွန်ပညာရေးဝန်ကြီး အက်ခရမ်ချီဟာရတ်နှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။ 

 

ယခုဆောင်ရွက်ချက်က ဆီးရီးယားနှင့် လက်ဘနွန်အသိုင်းအဝိုင်း၏ အနာဂတ်အတွက် အရေးကြီး ကြောင်း ၎င်းကဆိုသည်။ လက်ဘနွန်နိုင်ငံ၊ ပညာရေးဝန်ကြီးဌာနအတွက် နော်ဝေနိုင်ငံ၏ ပံ့ပိုးကူညီမှုကို လက်ဘနွန်နိုင်ငံက အသိအမှတ်ပြုပါကြောင်း လက်ဘနွန် ပညာရေးဝန်ကြီး အက်ခရမ်ချီဟာရတ်က ပြောကြားသည်။

 

နော်ဝေနိုင်ငံမှာ ဆီးရီးယားဒုက္ခသည်များအတွက် ပညာရေးကဏ္ဍတွင် လက်ဘနွန်နိုင်ငံသို့ ပံ့ပိုးကူညီသည့် တိုင်းပြည်များစာရင်းတွင် အဆင့် ၅ နေရာတွင် ရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကိုးကား- ဆင်ဟွာ

 

ဘာသာပြန်-မေဇော်ထက်