အောက်တိုဘာ ၂၈

လက်ဘနွန်နိုင်ငံတွင်  ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့က စတင်ခဲ့သော အစ္စရေးလေကြောင်း တိုက်ခိုက်မှုများကြောင့် သေဆုံးသူ ၂၆၇၂ ဦး ရှိလာပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၂၄၆၈ ဦး ရှိလာကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

အောက်တိုဘာ ၂၆ ရက်က အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ၁၉ ဦး သေဆုံးပြီး ၁၀၈ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ထပ်မံဖော်ပြထားသည်။

အစ္စရေးက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ပစ်မှတ်ထားတိုက်ခိုက်မှု ယမန်နေ့ကပြုလုပ်ခဲ့ရာ ဟစ်ဇ်ဘိုလာလုံခြုံရေး အရာရှိတစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စီဒုံမြို့အနီးနား ဆိုင်ဒါမြို့ရှိ အဆောက်အအုံအတွင်းရှိ တိုက်ခန်းတစ်ခန်းကို အစ္စရေးက ဝေဟင်မှ မြေပြင်ပစ်ဒုံးကျည်နှစ်စင်းဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဟစ်ဇ်ဘိုလာအရာရှိ ဟူစိန်ဖိနစ်နှင့် ၎င်း၏ မိသားစုဝင်ခုနစ်ဦး သေဆုံးပြီး အခြား ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ သတင်း ရင်းမြစ်က ဖော်ပြထားသည်။

ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အယ်လ်ရီဆာလာအဖွဲ့ စင်တာတစ်ခုပေါ်သို့ အစ္စရေးလေကြောင်း တိုက်ခိုက်မှုကြောင့် ဆေးဘက်အကူ သုံးဦးသေဆုံးခဲ့ရာ အစ္စရေးတိုက်ခိုက်မှုကြောင့် ဆေးဘက်အကူ သေဆုံးသူဦးရေ ၁၆၇ ဦး ရှိလာကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။

အစ္စရေးတပ်မတော်သည် စက်တင်ဘာ ၂၃ ရက်နေ့ကစတင်ကာ လက်ဘနွန်နိုင်ငံကို ပြင်းထန်သော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယခုလအစောပိုင်းက  မြောက်ပိုင်းနယ်စပ်ဒေသကိုဖြတ်ကျော်ကာ လက်ဘနွန်နိုင်ငံသို့ မြေပြင်စစ်ဆင်ရေးများ ဆင်နွှဲခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို