လက်ဘနွန်နိုင်ငံတောင်ပိုင်း၌ အစ္စရေးလေကြောင်းတိုက်ခတ်မှုကြောင့် ငါးဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ဘေရွတ်    မေ    ၁၇

 

လက်ဘနွန်နိုင်ငံတောင်ပိုင်း လက်ဘနွန်-အစ္စရေး နယ်စပ်မှ ၇၀ ကီလိုမီတာခန့်အကွာရှိ ဇိဒုန်မြို့သို့ အစ္စရေးက မေ ၁၇ ရက်တွင် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်သဖြင့်  ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးနှင့် ဆီးရီးယားနိုင်ငံသား လေးဦး သေဆုံးပြီး  လက်ဘနွန် နိုင်ငံသား သုံးဦးဒဏ်ရာရရှိကြောင်း လက်ဘနွန်တပ်ဖွဲ့၏ သတင်းရင်းမြစ်များအရ သိရသည်။

 

အစ္စရေးက  အဒေါ့စီရာမြို့နှင့်  ဇိဒုန်မြို့ မာဝန်နီရာ့နှင့် အယ်နာဂျာရက်ကျေးရွာတို့ရှိ နေအိမ်များ၊   စက်ရုံ၊  ကားတစ်စီးနှင့်   သစ်သီးခြံတို့ကို  လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း အမည်မဖော်လိုသည့်     သတင်းရင်းမြစ်များက   ပြောကြားသည်။ သေဆုံးသွားသည့် ဟစ်ဇ်ဘိုလာအရာရှိတစ်ဦးမှာ ဟူစိန်ခေါ့ဒါမာဒီဟုခေါ်သည့်  အုပ်စု၏ဒေသတွင်း ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း  သတင်းရင်းမြစ်များအရ သိရသည်။ သေဆုံးသူဆီးရီးယားနိုင်ငံသား လေးဦးအနက်  နှစ်ဦးမှာ ကလေးငယ်များဖြစ်ကြောင်း လက်ဘနွန်ဆေးဘက်ဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ထုတ်ပြန် ထားသည်။

 

လက်ဘနွန်လက်နက်ကိုင်တပ်ဖွဲ့ ဟစ်ဇ်ဘိုလာသည် ဟားမားစ်တို့နှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသသည့်အနေဖြင့်    အစ္စရေး ဘက်သို့   ဒုံးကျည်များလွှတ်တင်မှု   လုပ်ဆောင်ပြီးနောက်  ၂၀၂၃   ခုနှစ် အောက်တိုဘာ  ၈  ရက်မှစကာ   လက်ဘနွန်- အစ္စရေးနယ်စပ်တစ်လျှောက်  တင်းမာမှုများမြင့်တက်လာကြောင်း သိရသည်။         

ဆင်ဟွာ