လက်ဆွဲမျိုးစေ့ချကိရိယာ ပေးအပ်ပွဲအခမ်းအနား၊ အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်းစိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနား ကျင်းပ


မုံရွာ၊ မတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲအခမ်းအနား၊ ၇၉ နှစ်မြောက် တပ်မတော်နေ့  အထိမ်းအမှတ် အဓိက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေး စာတမ်းဖတ်ပွဲနှင့် ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်း စိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ပွဲ အခမ်းအနားကို မတ် ၂၇ ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး စိုက်ပျိုးရေးဦးစီးဌာန သင်တန်းခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။ 
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုးရုံး စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါရုံးတွင် ၇၉ နှစ်မြောက် အထိမ်းအမှတ် ခင်းကျင်းပြသထားသော စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပြခန်း၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပြခန်း၊ ငါးလုပ်ငန်း ဦးစီးဌာနပြခန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ပြခန်းတို့အား လှည့်လည်ကြည့်ရှု အားပေးပြီး တိုင်ဒေသကြီး ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များသို့ လက်ဆွဲမျိုးစေ့ချ ကိရိယာ (Drum Seeder) ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က မုံရွာခရိုင်နှင့် ယင်းမာပင်ခရိုင်အတွင်းရှိ မြို့နယ်များမှ စိုက်ပျိုးရေး ဦးစီးမှူးများထံ လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder)အား အသီးသီး ထောက်ပံ့ပေးအပ်ကြသည်။ 
ယင်းနောက် အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုး၊ ပိုး ရုံးဝန်းအတွင်း တောင်သူနည်းပညာပေး စိုက်ခင်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို အားလုံးပူးပေါင်းဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်ပြီး ၇၉ နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် အဓိကစိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း တိုးတက်ရေးစာတမ်းဖတ်ပွဲကို သင်တန်းခန်းမတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့ တိုင်းဒေသကြီးအနေဖြင့် နှစ်စဉ် မိုးစပါးဧက ၁၈ သိန်းကျော်နှင့် နွေစပါးဧက ၂ သိန်းကျော် စိုက်ပျိုးနေသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပါကြောင်း၊ စပါးပန်းတိုင်အထွက်နှုန်း တစ်ဧတင်း (၁၀၀) ထွက်ရှိရေးအတွက် မျိုးကောင်းမျိုးသန့်များ သုံးစွဲသွားကြရန် လိုအပ်သကဲ့သို့ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုသည်လည်း အဓိကအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအား လျော့ကျစေမည့် တိုက်ရိုက်အစေ့ချ စိုက်ပျိုးခြင်းနှင့် ကြဲပက်စိုက်ပျိုးခြင်းများထက် လက်ဆွဲမျိုးစေ့ချကိရိယာ Drum Seeder များအား အသုံးပြု စိုက်ပျိုးနိုင်ရန်အတွက် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယခုလိုထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ လက်ဆွဲမျိုးစေ့ချ ကိရိယာများအား အသုံးပြုစိုက်ပျိုးခြင်းဖြင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်း၊ လုပ်ငန်းပြီးစီးမှု မြန်ဆန်လာမှာဖြစ်ပြီး စိုက်ပျိုးသည့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တာဝန်ရှိသူအားလုံးအနေဖြင့် စည်းလုံးညီညွတ်စွာဖြင့် မိမိကောင်းကျိုး၊ ရပ်ရွာကောင်းကျိုး၊ ဒေသကောင်းကျိုးများအတွက် ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
 ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက စာတမ်းဖတ်ပွဲနှင့် ပြပွဲများကျင်းပပေးရခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသောင်းထိုက် က Drum Seeder များပေးအပ်ရခြင်းနှင့် ပတ်သက်၍ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရီလင်းထွဋ်က မြန်မာ့ဆန်ပို့ကုန် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးတို့အား အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး၊ ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပညာရှင်များက ဆီထွက်သီးနှံ၊ ပဲမျိုးစုံ ပန်းတိုင်အထွက်နှုန်းရရှိရေး အခြေခံလိုအပ်ချက်များနှင့် တောင်သူနည်းပညာပေးမှုမြင့်တင်ရေး မီဒီယာ၏ အခန်းကဏ္ဍများအား အသီးသီးဆွေးနွေးတင်ပြကြရာ တက်ရောက်လာသူများ၏ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
ယင်းနောက် မုံရွာနယ်ကြက်သွန်နီအထူးဇုန်နှင့် စံပြစိုက်ခင်း စိုက်ပျိုးတောင်သူများအား ပံ့ပိုးပစ္စည်း ပေးအပ်ပွဲ အခမ်းအနားကိုကျင်းပရာ တက်ရောက်လာသော တောင်သူများထံသို့ ဝါမျိုးစေ့၊ နေကြာမျိုးစေ့၊ ကွန်ပေါင်းမြေဩဇာ၊ ပုလဲမြေဩဇာနှင့် ရွက်ဖျန်းမြေဩဇာတို့ကို အသီးသီးပံ့ပိုး ပေးအပ်ခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာသူ တောင်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)