လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းနိုင်မယ့် နည်းလမ်းသစ်

လက်ချောင်းလေးတွေက ကိုင်တွယ်ဖို့၊ နေ့စဉ်လှုပ်ရှားမှုတွေမှာ အဆင်ပြေအောင် အထောက်အကူပြု ပေးရုံပဲ အသုံးဝင်တာလား။ မဟုတ်ပါဘူး။ လက်ချောင်းလေးတွေကို ကြည့်ပြီး သင့်မှာ နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းလို့ရတယ်လို့ မကြာသးခင်ကလုပ်ခဲ့တဲ့ လေ့လာမှုအရသိရပါတယ်။ လက်ချောင်းလေးတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုဖော်ပြနေလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

 

လက်ချောင်းထိပ်လေးကို စမ်းသပ်ရုံနဲ့သိနိုင်မယ့် နှလုံးရောဂါဖြစ်နိုင်ခြေ

 

နှလုံးရောဂါကြောင့် နှစ်စဉ်သေဆုံးသူဦးရေမနည်းပါဘူး။ ဒီလိုမျိုး လူတော်တော်များများကို အသက်အန္တရာယ် ခြိမ်းခြောက်နေတဲ့ရောဂါကို သွေးတစ်စက်မထုတ်ရဘဲ စစ်ဆေးလို့ရတော့မယ် ဆိုတော့ ဘယ်လောက်တောင်ကောင်းလိုက်သလဲနော်။ ဒီတော့လူတော်တော်များများကို အသက်ဆုံးရှုံးစေနေတဲ့ နှလုံးရောဂါကို ခန့်မှန်းနိုင်မယ့် နည်းလမ်းလေးက ဘယ်လိုမျိုးလဲဆိုတာကို ကြည့်လိုက်ရအောင်လား။

 

အရေပြားကို အပ်နဲ့တောင်ထိုးစိုက်မှုတစ်ချက်မလုပ်ဘဲ လက်ထိပ်လေးကိုပဲ စမ်းသပ်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို စမ်းသပ်ပေးမယ့် နည်းလမ်းကို reactive hyperemia peripheral arterial tonometry (RH-PAT) လို့ခေါ်ပါတယ်။ လက်ရှိမှာ စမ်းသပ် လုပ်ဆောင်ပေးနိုင်မှုနည်းနေသေးပေမယ့် နောက်ပိုင်းမှာ ဆရာဝန်တိုင်းရဲ့ ဆေးခန်းတွေမှာ အလွယ်တကူထားရှိစစ်ဆေးပေးနိုင်တော့မှာပါ။

 

ဒီစမ်းသပ်မှုက လက်ချောင်းထိပ်လေးက သွေးစီးဆင်းမှုကို စစ်ဆေးတာပါ။ သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့ လက်မာင်းကို ပတ်ထားပြီး သွေးခုန်နှုန်းတိုင်းတာမှု မလုပ်ခင်နဲ့လုပ်ပြီးချိန်မှာ လက်ချောင်းထိပ်လေးမှာရှိနေတဲ့ သွေးစီးဆင်းမှုကို တိုင်းတာတာပါ။ ဒီစစ်ဆေးမှုက သွေးကြောနံရံတွေ ကျန်းမာမှုရှိလားဆိုတာကို စစ်ဆေးတာပါ။ ကျန်းမာနေတဲ့ သွေးကြောလေးတွေရဲ့ လုပ်ဆောင်မှုက နှလုံးရောဂါဖြစ်နိုင်ခြေရှိလားဆိုတာကို ခန့်မှန်းဖို့ အကောင်းဆုံးအထောက်အကူပြုပေး နိုင်ပါတယ်။

 

ဒီလေ့လာမှုအတွင်း လူ ၉၄ ဦးကိုလေ့လာစမ်းသပ်ခဲ့ပါတယ်။ လေ့လာမှုအရ သူတို့ထဲက ထက်ဝက်လောက်က နှလုံးရောဂါခံစားရနိုင်ခြေရှိတယ်လို့ တွေ့ခဲ့ရပြီး ဆေးစစ်ကြည့်တဲ့ခါမှာ နှလုံးရောဂါရဲ့ အစောပိုင်းလက္ခဏာတွေကို ခံစားနေရတာကို တွေ့ရှိခဲ့ရပါတယ်။ လက်ချောင်း ထိပ်လေးတွေက သွေးစီးဆင်းမှုကို စစ်ဆေးပြီး နှလုံးရောဂါခံစားရနိုင်ခြေရှိသလားဆိုတာကို ခန့်မှန်းတာပါ။

 

စစ်ဆေးမှုကိုခံယူတဲ့အခါ RH-PAT ညွှန်းကိန်းက မြင့်နေမယ်ဆိုရင် သွေးကြောတွေက ကျန်းမာတဲ့အနေအထားပါ။ တကယ်လိုပ RH-PAT ညွှန်းကိန်းက နည်းနေမယ်ဆိုရင် သွေးကြောတွေရဲ့ ကျန်းမာမှုကအားနည်းနေပြီပဲဖြစ်ပါတယ်။ RH-PAT ညွှန်းကိန်းနည်းနေသူတွေက နှလုံးရောဂါဖြစ်နိုင်ခြေလည်း တော်တော်လေးများနေပါတယ်။ လက်ချောင်းထိပ်က သွေးကြောလေးတွေ မကျန်းမာဘူးဆိုတာက နှလုံးတဝိုက်က သွေးကြောလေးတွေလည်း မကျန်းမာဘူးဆိုတာကို ဖော်ပြနေတာပါ။

 

ဘာတွေက နှလုံးရောဂါဖြစ်စေနိုင်တာလဲ………….

 

နှလုံးရောဂါက မွေးရာပါဖြစ်နိုင်သလို နေထိုင်စားသောက်မှု ပုံစံမှားယွင်းနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်နိုင်ခြေကို ပိုတိုးစေနိုင်ပါတယ်။

 

လေးဖက်နာရောဂါရှိနေတာ

 

ဆေးလိပ်သောက်တာ

 

အယ်လ်ကိုဟောပါတဲ့သောက်စရာတွေကို သောက်တာ

 

အဝလွန်နေတာ

 

သွေးတွင်းကိုလက်စထရောများတာ

 

ကိုယ်လက်လှုပ်ရှားမှုအားနည်းနေတာ

 

ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံရှိနေတာတွေက နှလုံးရောဂါ ခံစားရနိုင်ခြေကို များစေနိုင်ပါတယ်။

 

နှလုံးရောဂါရှိနေကြောင်းပြသနေတဲ့ လက္ခဏာတွေ

 

နှလုံးရောဂါခံစားနေရတဲ့အခါ

 

 

ရင်ဘတ်ထဲကအောင့်တာ

 

ခေါင်းထဲမှာ ခပ်ပေါ့ပေါ့ကြီးဖြစ်ပြီ မူးနေတာ

 

မအီမသာဖြစ်တာ

 

အသက်ရှု ပြတ်တောင်းပြတ်တောင်းဖြစ်တာ

 

မေးရိုး၊ ဇက် နဲ့ နောက်ကျောမှာ အားမရှိသလိုဖြစ်ပြီး ညောင်းနေတာမျိုးတွေခံစားရနိုင်ပါတယ်။

 

နှလုံးရောဂါကို ဘယ်လိုကာကွယ်မလဲ….

 

နှလုံးရောဂါမဖြစ်စေဖို့ဆိုရင်

 

 

ဆေးလိပ်ဖြတ်ပါ

 

ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီကိုပဲ စားပေးပါ

 

အမျှင်ဓာတ်ကြွယ်ဝတာကို စားပါ

 

အယ်လ်ကိုဟောလျှော့ပါ

 

ကိုယ်အလေးချိန်ထိန်းပါ

 

လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ

 

သွေးပေါင်ချိန်တိုင်းပါ

 

သွေးချိုထိန်းပါ

 

စိတ်ဖိစီးမှုတွေကိုဖြေလျှော့ပါ စတဲ့အလေ့အထလေးတွေကိုပျိုးထောင်ရပါမယ်။

 

 

 

ရေးသားသူ Aye Thi Mon ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”