လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့်အကာအကွယ် ရယူကြပါစို့

တီထွင်မှုမူပိုင်ခွင့်ဌာနခွဲ၊ မူပိုင်ခွင့်ဦးစီးဌာန

လက်ဖက်ကို မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် စိုက်ပျိုးကြသည်။ မြန်မာလူမျိုး များ အနှစ်သက်ဆုံးသော စိုက်ပျိုးရေးထွက်ကုန်တစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် လက်ဖက် အစိုကို အဓိကအသုံးပြုပြီး နိုင်ငံတကာတွင် လက်ဖက်ရည်ကြမ်းဟုခေါ်သော အခါးရည် (ရေနွေးကြမ်း) (Green Tea) အဖြစ် အသုံးများကြသည်။ သီရိလင်္ကာနိုင်ငံတွင် လက်ဖက်ကို မိရိုးဖလာရိုးရာ အသိပညာကို တစ်ဆင့်မြှင့်၍ တီထွင်ဖန်တီးမှုပြုလုပ်ကာ တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်ပြီး မူပိုင်ခွင့် ယူခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။

 

တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်

သီရိလင်္ကာနိုင်ငံ ကျွန်းငယ်လေးသည် နှစ်စဉ်လက်ဖက်ခြောက် ကီလိုဂရမ်သန်း ၃၀၀ ခန့် ထွက်ရှိသည်။ ထိုသို့စိုက်ပျိုးမှုမှရရှိ‌သော သဘာဝလက်ဖက်ကို စားသုံးသူများ စိတ်ဝင်စားမှုမြင့်တက်ချိန်တွင် လက်ဖက်သုတေသနဌာန (Tea Research Institute-TRI) သည် လက်ဖက်ကို တန်ဖိုးမြှင့် ထုတ်ကုန် များအဖြစ် ထုတ်လုပ်နိုင်ရန် တီထွင်ဖန်တီးခဲ့ပါသည်။

 

TRI သည် Dimbula ဒေသမှ လိမ္မော်ရောင် Pekoe Black Tea ဖြင့် လက်ဖက်ဝိုင်ကို တီထွင်ဖန်တီး ခဲ့ပါသည်။ လက်ဖက်ခြောက်ကို မိရိုးဖလာရိုးရာဝိုင်ပြင်ဆင်မှုနည်းစနစ်နှင့် ကစော်ဖောက်ခြင်းကို အသုံးပြု၍ လက်ဖက်ဖြင့်ပြုလုပ်သော အနီရောင်ဝိုင်ကို ထုတ်ကုန်အဖြစ် ဖန်တီးထုတ်လုပ်ခဲ့ပါသည်။ ထိုလက်ဖက်ဝိုင်မှာ သကြားပါဝင်မှုအလွန်နည်းပါးပြီး အရက် ၁၂ ရာခိုင်နှုန်းပါဝင်၍ ထူးခြားသော အနံ့အရသာရှိသောကြောင့် ကျွမ်းကျင်ဝိုင်အရသာရှင်များ၏ နှစ်ခြိုက်မှုကို လက်ခံရရှိခဲ့ပါသည်။ ထိုလက်ဖက်ဝိုင်ထုတ်ကုန်ကို ၂၀၀၅ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ရရှိခဲ့ပါသည်။

 

ထို့ပြင် လက်ဖက်ခြောက်ဖြင့်ပြုလုပ်သည့် ဇီဝမြေသြဇာကိုလည်း တီထွင်ခဲ့ပါသည်။ သီရိလင်္ကာနိုင်ငံတွင် ယခင်က ဇီဝမြေဩဇာမထုတ်လုပ်နိုင်သေးသောကြောင့် နိုင်ငံအတွင်းရှိ စိုက်ခင်းအများစုသည် ဓာတုဓာတ်မြေသြဇာများကို မှီခိုနေရပြီး တခြားနိုင်ငံများမှ ကုန်ကျစရိတ်များစွာဖြင့် တင်သွင်းကြရ ပါသည်။ TRI သည် ဓာတုဓာတ်မြေသြဇာ အသုံးပြုမှုကို ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်သော လက်ဖက်စွန့်ပစ်ပစ္စည်းကို ကြားခံအဖြစ် အသုံးပြု၍ ဇီဝမြေသြဇာကို တီထွင် ခဲ့ပါသည်။ အဆိုပါဇီဝမြေဩဇာကို သက်တမ်းရှိ လက်ဖက်ပင်များအတွက် အသုံးပြုနိုင်ပြီး အခြားသီးနှံ များတွင် အသုံးပြုနိုင်ရန်အတွက်လည်း စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။ အဆိုပါ ဇီဝမြေသြဇာကို ၂၀၁၆ ခုနှစ်တွင် တီထွင်မှုမူပိုင်ခွင့်ရရှိခဲ့ပြီး ထုတ်လုပ်မှုမြှင့်တင်ရန်နှင့် စီးပွားဖြစ် စတင်ရန် ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြသည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရသည်။

 

ထို့ပြင် TRI သည် လက်ဖက်စိမ်းဆော့စ်ကို တီထွင်ဖန်တီးခဲ့ပါသည်။ အနီရောင်အစပ်လက်ဖက်ခြောက် ဆော့စ်မှာ သီရိလင်္ကာအပါအဝင် အာရှနိုင်ငံအချို့တွင် တွေ့ရှိရပါ သည်။ TRI ကတီထွင်သော လက်ဖက်စိမ်းဆောစ့်မှာ လတ်ဆတ်သော လက်ဖက်စိမ်းရွက်ဖြင့် ပြုလုပ်ထားပါသည်။ ထိုလက်ဖက်စိမ်း ဆော့စ်ကို သီရိလင်္ကာနိုင်ငံတွင် စီးပွားဖြစ် ရောင်းတမ်းဝင် လူကြိုက်များသည့် ထုတ်ကုန် အဖြစ်ထုတ်လုပ်နိုင်ခဲ့ပါသည်။ ထို့ပြင် ကုမ္ပဏီကြီးများ၊ startup အဖွဲ့များနှင့် SME လုပ်ငန်းများ အပါအဝင် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များထံမှ အဆိုပါထုတ်ကုန်ဈေးကွက်တင်သွင်းရန် တောင်းဆိုမှု များစွာကို လက်ခံရရှိခဲ့သည်ကိုလည်း လေ့လာတွေ့ရှိခဲ့ရပါသည်။

 

ထိုသို့ သီရိလင်္ကာနိုင်ငံတွင် ဒေသတွင်းစိုက်ပျိုးခြင်းမှ မူရင်းထွက်ရှိသည့် လက်ဖက်ကို မိရိုးဖလာ ရိုးရာအသိပညာကို တစ်ဆင့်မြှင့်၍ တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် တီထွင်ဖန်တီးထုတ်လုပ်ခဲ့ပြီး မူပိုင်ခွင့် အကာအကွယ်ရယူထားသဖြင့် တီထွင်ဖန်တီးသူများအနေဖြင့် ကောင်းမွန်သော အကျိုးရလဒ်များစွာ ရရှိခဲ့ကြသည်ကို လေ့လာတွေ့ရှိ ခဲ့ပါသည်။

 

ရိုးရာအသိပညာဖြင့် ပေါင်းစပ်တီထွင်ဖန်တီး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကထားသည့်နိုင်ငံဖြစ်သည်။ သဘာဝမှကောင်းစွာပေးသော စိုက်ပျိုးခြင်းနှင့်သက်ဆိုင်သည့် မူရင်းဒေသထွက် ဇီဝအရင်းအမြစ်များကို ရိုးရာအသိပညာဖြင့် ပေါင်းစပ်တီထွင်ဖန်တီးပြီး အရည်အသွေးမြင့်မားသော တန်ဖိုးမြှင့်ထုတ်ကုန်များစွာကို တီထွင်ဖန်တီး ထုတ်လုပ်ကာ မူပိုင်ခွင့်အကာအကွယ် ရယူဆောင်ရွက်သင့်ပါသည်။

 

 ထိုသို့ မူပိုင်ခွင့်အကာအကွယ်ရယူထားခြင်းဖြင့် ဒေသတွင်းစိုက်ပျိုးရေးကဏ္ဍများမှာ ပိုမိုတိုးတက် လာမည်ဖြစ်ပြီး ကုန်ထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ ထို့ပြင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း ပိုမို အားကောင်းလာမည်ဖြစ်ပြီး မိမိကိုယ်ပိုင်အကျိုးစီးပွားအတွက်သာမက နိုင်ငံတော်၏ အကျိုးစီးပွားကိုလည်း များစွာအထောက်အကူ ပြုစေမည်ဖြစ်ပါသည်။      

 

သီရိလင်္ကာနိုင်ငံတွင် လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်သကဲ့သို့ မြန်မာနိုင်ငံတွင် လည်း စိုက်ပျိုးရေးနှင့်သက်ဆိုင်သည့် ထွက်ကုန်များကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်၍ မူပိုင်ခွင့်များရယူဆောင်ရွက်နိုင်မည်ဆိုပါက တီထွင်မှု မူပိုင်ခွင့်များ တိုးပွားများပြားလာနိုင်သကဲ့သို့ နိုင်ငံအတွက် စီးပွားရေးတိုးတက်မြင့်မားပြီး အကျိုးစီးပွားများ များစွာဖြစ်ထွန်းလာနိုင်မည် ဖြစ်ပါသည်။ သီရိလင်္ကာနိုင်ငံ၏ လက်ဖက်တန်ဖိုးမြှင့်ထုတ်ကုန်ကို မူပိုင်ခွင့်ရယူခြင်းဖြင့် စီးပွားရေးလုပ်ငန်းမြှင့်တင် ဆောင်ရွက်မှုအခြေအနေကိုလေ့လာ၍ မြန်မာနိုင်ငံတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် ပြုစုရေးသားတင်ပြလိုက်ရပါသည်။ ။