လက်ရွေးစင်အသင်းများ စတင်လေ့ကျင့်နိုင်ရန် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ကြိုးပမ်းနေ

ရန်ကုန်၊ ၂၉ ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရမည့် လက်ရွေးစင် အသင်းများအနက် အသင်းလေးသင်းအား ဇန်နဝါရီဒုတိယပတ်တွင် စတင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

 

လက်ရွေးစင်အသင်းများနှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းအားလုံးနီးပါးမှာ လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း နှစ်ဆန်းပိုင်းတွင်ယှဉ်ပြိုင်ရမည့်အသင်းများနှင့် အချိန်ယူ ပြင်ဆင်ရန် လိုအပ်သည့်အသင်းများကို စတင်လေ့ကျင့်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကာလ ဖြစ်သောကြောင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် ကျန်းမာရေးဆိုင်ရာလမ်းညွှန်ချက်များ အတိုင်း လေ့ကျင့်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းနှင့် အမျိုးသမီးအသင်း၊ ယူ-၂၂ အမျိုးသားအသင်း၊ ဖူဆယ်လက်ရွေးစင်အမျိုးသားအသင်းတို့ စတင်လေ့ကျင့်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် အခြားလက်ရွေးစင်အသင်းများ လေ့ကျင့်နိုင်ရန်အတွက်လည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ဇန်နဝါရီဒုတိယပတ်တွင် စတင်လေ့ကျင့်ရန် စီစဉ်ထားသည့်အသင်းများအနက် လက်ရွေးစင်အမျိုးသားအသင်းမှာ မတ်နှင့် ဇွန်လတွင် ကမ္ဘာ့ဖလားခြေစစ်ပွဲများ ကစားရမည်ဖြစ်ပြီး ကျန်သုံးသင်းမှာမူ နှစ်ဝက်နောက်ပိုင်းမှ နိုင်ငံတကာပြိုင်ပွဲများယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အချိန်ယူပြင်ဆင်ရန် စခန်းဝင်လေ့ကျင့်ခြင်းဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ၊ အမျိုးသမီးလက်ရွေးစင်အသင်းသည် အာရှဖလားခြေစစ်ပွဲ၊ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသားအသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲ၊ ဖူဆယ်လက်ရွေးစင် အမျိုးသားအသင်းသည် အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲနှင့် ၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတို့ ယှဉ်ပြိုင်ရန်ရှိနေသည်။

 

သတင်း-ညီမြတ်သော်တာ

 ဓာတ်ပုံ - စိုးညွန့်