လက်ရှိချန်ပီယံ ရန်ကုန် မထင်မှတ်ဘဲ သရေကျ

၁ ဖေဖော်ဝါရီ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၄) ပထမနေ့အဖြစ် ဇွဲကပင်အသင်းနှင့် ရန်ကုန်အသင်းတို့ ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးစီသရေကျခဲ့သည်။

လက်ရှိချန်ပီယံရန်ကုန်အသင်းအတွက် ဖိအားတိုးခဲ့သည့်ပွဲဖြစ်ခဲ့ပြီး ခြောက်မှတ်၊ ငါးမှတ်ရထားသည့် အသင်းများ အနိုင်ရပါက ထိပ်ဆုံးနေရာမှ ဖယ်ပေးရတော့မည်ဖြစ်သည်။ ရန်ကုန်အသင်းသည် ယခုရာသီခြေစွမ်းမှာ လိုအပ်ချက်များရှိနေပြီး ကစားသမားများ၏ တစ်ဦးချင်း စွမ်းဆောင်ရည်မှာလည်း ပုံမှန်အောက် ကျဆင်းနေသောကြောင့် သရေပွဲနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ရန်ကုန်အသင်းသည် ယခုပွဲတွင်လည်း ပြစ်ဒဏ်ဘောမှ ဂိုးပေးခဲ့ရပြီး အမှတ်ပေးပြိုင်ပွဲ လေးပွဲတွင် သုံးပွဲ၌ ပြစ်ဒဏ်ဘောဂိုးများ ခွင့်ပြုခဲ့ရခြင်းဖြစ်သည်။ ဇွဲကပင်အသင်းမှာမူ ရလဒ်ကောင်းရယူနိုင်ခဲ့ခြင်းဖြစ်ပြီး အဖိုးတန်သရေတစ်မှတ်ရခဲ့သည်။

ရန်ကုန်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ပြုလုပ်ခဲ့ပြီး လူငယ်ကစားသမားများဖြစ်သည့် သက်ပိုင်စိုး၊ သူရိန်စိုးတို့ကို ပွဲထွက်လူစာရင်းကို ပထမဆုံးအသုံးပြုကာ ရန်အောင်ကျော်၊ မောင်မောင်လွင်၊ ယာမာဇာကီ၊ မီလာတို့ဖြင့် တွဲဖက်ပွဲထုတ်ခဲ့သည်။

ရန်ကုန်အသင်းသည် ဇွဲကပင်အသင်းထက် အစစအရာရာသာသည့်အသင်းဖြစ်သည့် အပြင် ပွဲအစ ၄ မိနစ်တွင် မီလာ၏ ဦးဆောင်ဂိုးရခဲ့သောကြောင့် နောက်ပိုင်းတွင် ကစားပုံလျော့ရဲသွားခဲ့ပြီး ပထမပိုင်းတွင် ဂိုးသွင်းခွင့်အနည်းငယ်သာ ထပ်ရကာ ဇွဲကပင်အသင်း၏ တိုက်စစ်ဆင်မှုများကို ပြန်လည်ခွင့်ပြုခဲ့ရသည်။ ဇွဲကပင်အသင်းသည် ချေပဂိုးရရန် ကြိုးစားသော်လည်း အဆုံးသတ်အားနည်းခဲ့သောကြောင့် ဒုတိယပိုင်းမှ ဂိုးထပ်ရခဲ့သည်။ ဇွဲကပင်အသင်းအတွက် ချေပဂိုးကို ၅၆ မိနစ်တွင် ဂျပန်ကွင်းလယ်လူ ကင်မ်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းခဲ့သည်။

သရေကျပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက သန်းပိုင်နှင့် စိုးမင်းနိုင်ကိုထည့်ကာ တိုက်စစ်အားမြင့်ခဲ့ပြီး ဂိုးရနိုင်သည့်အခွင့်အရေးများရသော်လည်း အသုံးမချနိုင်ခဲ့၍ နစ်နာခဲ့ရသည်။

ဒုတိယနေ့ကို ဖေဖော်ဝါရီ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗထူးကွင်း၌ ရတနာပုံနှင့် မကွေး၊ မုံရွာကွင်း၌ စစ်ကိုင်းနှင့် Chinland အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်