လက်ရည်စစ်ကာယဗလပြိုင်ပွဲ ကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၆

(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲအတွက် ရည်ရွယ်၍ စခန်းသွင်း လေ့ကျင့်နေသည့် ကာယဗလ မောင်/မယ် များ၏ လက်ရည်စစ်ကာယ ဗလပြိုင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာနိုင်ငံ ကာယဗလ နှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်တွင် ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ကိုယ်အလေးချိန် ၇၀ ကီလိုအောက် ကာယဗလမောင်ပြိုင်ပွဲ၊ ၇၀ ကီလိုအထက် ကာယဗလမောင် ပြိုင်ပွဲ၊ ကာယဗလမောင်များ အလွတ်တန်းပြိုင်ပွဲ၊ အမျိုးသမီးကာယဗလမယ် ပြိုင်ပွဲ၊ အမျိုးသား+အမျိုးသမီး စုံတွဲပြိုင်ပွဲများက အပြည်ပြည်ဆိုင်ရာ သတ်မှတ်ကိုယ်ဟန်ပြခုနစ်မျိုးတို့ဖြင့် ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြိုင်ပွဲများအပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ဒုတိယ မြို့တော်ဝန်၊ မြန်မာနိုင်ငံ ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးညီညီတို့က ပထမ၊ ဒုတိယ၊ တတိယနှင့် ကြိုးစားမှု အထူးဆုရရှိသူများကို ငွေသားဆုများ ပေးအပ်ချီးမြှင့်သည်။

အလားတူ လွတ်လပ် ရေးနေ့ကို ဂုဏ်ပြုသော အားဖြင့် သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနက ကြီးမှူးကျင်းပသော လေးယောက်တွဲ၊ နှစ်ယောက်တွဲ ပိုက်ကျော် ခြင်း ပြိုင်ပွဲများနှင့် တစ်ဦး ချင်း စားပွဲတင် တင်းနစ်ပြိုင်ပွဲများ ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယရရှိကြသူများ ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့် ကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-အာကာစိုး