လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး မွမ်းမံသင်တန်း အမှတ်စဉ် (၁/၂၀၂၂ ) သင်တန်းဖွင့်ပွဲကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၃

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်းတွင် လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အတွက် ဖွင့်လှစ်သည့် လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန် ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်   ဒေါက်တာ ကံဇော်က ယခုသင်တန်းကို ရုံးလုပ်ငန်းစီမံခန့်ခွဲမှုနှင့် စစ်ဆေးရေးစွမ်းဆောင်ရည် မြင့်မားစေရန်၊ နိုင်ငံတကာစံများနှင့်အညီ စစ်ဆေးဆောင်ရွက် နိုင်ရန်နှင့် စစ်ဆေးရေးဆိုင်ရာ အသိပညာဗဟုသုတများ တိုးပွားရရှိစေရန်  ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ စာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့် နိုင်ငံတကာစံများကို သိရှိနားလည်ပြီး စစ်ဆေးရေးဆိုင်ရာ ပြောင်းလဲမှုများကို မိမိတို့လုပ်ငန်းတွင် လက်တွေ့ကျင့်သုံးနိုင်မှုနှင့် ချင့်ချိန်ဆောင်ရွက်ရန်၊ ပညာရှင်ပီသစွာဖြင့် သတိသမ္ပဇဉ်ထားရှိ၍ အကြောင်းကိစ္စတစ်ရပ် ဖြစ်ပွားမှုအတွက် အကြောင်းရင်းနှင့် သက်ရောက်မှုကို အကဲဖြတ်နိုင်ရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသားများသည် စစ်ဆေးရေးလုပ်ငန်းတွင် အနီးကပ် ကြီးကြပ်လမ်းညွှန်ရသူများဖြစ်သဖြင့် စစ်ဆေးသူများ စောင့်ထိန်းရမည့်ကျင့်ဝတ်များကို လိုက်နာပြီး တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်နိုင်ရန်နှင့် စည်းကမ်းမျှတစွာ စီမံခန့်ခွဲနိုင်သူများဖြစ်ရန် လိုအပ်ပါကြောင်းမှာကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ သင်တန်းကျောင်း၊ ကျောင်းအုပ်မှ သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်   ဒေါက်တာကံဇော်က အခမ်းအနားသို့ တက်ရောက်လာသည့် သင်တန်းသားများကို ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

 

အဆိုပါ သင်တန်းများသို့ သင်တန်းသား စုစုပေါင်း (၁၀၀) တက်ရောက်ကြ မည်ဖြစ်ပြီး ISSAI Based Financial Audit, ISSAI Based Performance Audit, ISSAI Based Compliance Audit အပါအဝင် ဘာသာရပ်(၆)ခုဖြင့် ဖေဖော်ဝါရီ ၃ ရက်မှ ၁၉ ရက်အထိ ရုံးဖွင့်ရက်များနှင့် စနေနေ့များအပါအဝင် (၂)ပတ်ကြာ ကိုဗစ်-၁၉ ရောဂါ ဆိုင်ရာ ထုတ်ပြန်ထားရှိသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ သင်ကြားပို့ချသွားမည် ဖြစ်သည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်သည် အသိပညာဖြန့်ဝေရေး (Knowledge Sharing Program – KSP) အစီအစဉ်အရ “ဌာနတွင်းကြီးကြပ် ကွပ်ကဲမှုအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် စစ်ဆေးတွေ့ရှိ ချက်များ” ခေါင်းစဉ်ဖြင့် ကျင်းပသည့် ဆွေးနွေးပွဲအမှတ်စဉ်(၁၃)သို့ တက်ရောက်အမှာစကားပြောကြား သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရုံးချုပ်နှင့်မြန်မာနိုင်ငံစာရင်းကောင်စီရုံးတို့မှ ဝန်ထမ်း(၁၅၅)ဉီး၊ တိုင်းဒေသကြီး/ပြည် နယ်များမှ (၂၄၇)ဉီး စုစုပေါင်း (၄၀၂) ဦးတို့သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော်သင်တန်းကျောင်းခန်းမ(၂)ခု၊ မြန်မာနိုင်ငံစာရင်း ကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)