လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း၊ အမှတ်စဉ်(၂/၂၀၂၃)သင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ ၈

လက်ထောက်ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ရေး မွမ်းမံသင်တန်း၊  အမှတ်စဉ် (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးတင်ဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားသည်။ 

သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က ယခုသင်တန်းတွင် စစ်ဆေးရေးလုပ်ငန်းများတွင် အဓိကကျသည့် စစ်ဆေးရေးနည်းလမ်း၊ စစ်ဆေးရေးစံများ၊ အသုံးပြုပုံစံများနှင့်အညီ လက်တွေ့စစ် ဆေးနိုင်ရေး လေ့ကျင့်သင်ကြားပို့ချသွားမည် ဖြစ်ပါကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများသည် အဖွဲ့ဖြင့် ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ ဉီးဆောင်မှု၊ လိုက်ပါဆောင်ရွက်မှုနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ဘာသာရပ်များကိုလည်း ပို့ချသွားမည်ဖြစ်ပါကြောင်း၊ စာရင်းစစ်ဝန်ထမ်းများသည် နိုင်ငံတော်၏ ဘဏ္ဍာရန်ပုံငွေကို ကြီးကြပ်ထိန်းကျောင်းပေးရာတွင် အဓိကတာဝန်ရှိသည့်  ဝန်ထမ်းများဖြစ်သည့်အတွက် အဂတိတရားလေးပါး ကင်းရှင်းပြီး ကျင့်ဝတ်သိက္ခာ စောင့်ထိန်းလိုက်နာသူများ ဖြစ်စေရန်နှင့် မိမိတို့၏ လုပ်ငန်းတာဝန်များကို တန်ဖိုးထားပြီး  ရုံး၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အရည်အချင်း ပြည့်ဝသောဝန်ထမ်းကောင်းများဖြစ်စေရန် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်း၊ ကျောင်းအုပ်က သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။

 အဆိုပါ သင်တန်းတွင် ရုံးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် ဒေသစာရင်းစစ်ရုံးများမှ လက်ထောက်ညွှန်ကြားရေးမှူး (၄၁) ဦးနှင့် ဦးစီးအရာရှိ (၁၄၇) ဦး စုစုပေါင်း (၁၈၈) ဦးတို့ကို နေပြည်တော်သင်တန်းကျောင်းနှင့် ရန်ကုန်သင်တန်းကျောင်းတို့တွင် တစ်ပြိုင်တည်း မေ ၈ ရက်မှ ၃၁ ရက်အထိ ဘာသာရပ် (၆) ခုဖြင့် ဖွင့်လှစ် သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နဝရတ် ခန်းမမှလည်းကောင်း၊ ရန်ကုန်သင်တန်းကျောင်းမှ တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက Online ဖြင့်လည်းကောင်း တက်ရောက်ကြကြောင်း သိရသည်။
             
သတင်းစဉ်