လက်တစ်ကမ်းအဖြေ

သိန်းထွန်း ( IR)

သမိုင်းတန်ဖိုး

အာဇာနည်နေ့ဆိုသည်မှာ မြန်မာ့လွတ်လပ်ရေးအတွက် ကိုယ်ကျိုးမဖက် နိုင်ငံအတွက် ကြိုးပမ်းရင်း တစ်မျိုးသားလုံးအတွက် အသက်ပေးခဲ့ကြသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့ရသူများကို ရည်ညွှန်းကြောင်း အားလုံးသိပြီး ဖြစ်သည်။ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည်မှာပင် ( ၇၂ ) နှစ်တိုင်ခဲ့ပြီလည်း ဖြစ်သည်။ အာဇာနည်ကြီးများ ကျဆုံးခဲ့ကြသည့် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ မတိုင်မီ ကာလနှင့် ယင်းနေ့ နောက်ပိုင်းကာလတို့ကို နှိုင်းချိန်ပါက ရရှိလာသော နိုင်ငံ၏ကွာဟချက် အခြေအနေတို့သည် အာဇာနည် ခေါင်းဆောင်ကြီးများ၏ သမိုင်းတန်ဖိုးများပင် ဖြစ်ပေလိမ့်မည်။

အာဇာနည်ကြီးများ သို့မဟုတ် လွတ်လပ်ရေးခေါင်း ဆောင်ကြီးများသည် မြန်မာ့နိုင်ငံသမိုင်းတွင် မကြုံခဲ့ဖူးသည့် သူ့ကျွန်ဘဝကို တွန်းလှန်နိုင်ခဲ့သည်မှာ သမိုင်းတန်ဖိုးဟု ဆိုပါလျှင် ယင်းသမိုင်းတန်ဖိုးများကို ယနေ့မိမိတို့အတွက် အတွေ့အကြုံနှင့် သင်ခန်းစာများကို ဖော်ထုတ်ကျင့်သုံးရန် လိုအပ်မည်ဟု ယုံကြည်မိပါသည်။

အတွေ့အကြုံ၊ သင်ခန်းစာယူကြရာတွင် ကိုယ်တွေ့အတွေ့အကြုံ သင်ခန်းစာ၊ တစ်ဆင့်ခံ အတွေ့အကြုံ သင်ခန်းစာ စသည်ဖြင့် အတွေ့အကြုံ သင်ခန်းစာရယူနိုင်သည့် နည်းလမ်းများ ရှိပြီးဖြစ်ရာ မည်သို့ပုံစံဖြင့် သင်ခန်းစာယူကြမည်နည်း။ ယခင်က အတွေ့အကြုံ သင်ခန်းစာကို ယူခြင်းအားဖြင့် အရင်းအနှီးအနည်းဆုံးနှင့် တိုးတက်မှုကို ရနိုင်ပါသည်။ ကိုယ်တွေ့အတွေ့အကြုံဆိုသည်က အရင်းအနှီးများတတ် သကဲ့သို့ စွန့်စားရတတ်သည့် သဘောများလည်း ရှိတတ်ကြပါသည်။ သို့ဖြစ်ရာ အတွေ့အကြုံသင်ခန်းစာ ရယူလိုသူများတွင်လည်း ကိုယ်တိုင်အတွေ့အကြုံရှာလိုသူ သို့မဟုတ် ယခင်အတွေ့အကြုံမှတစ်ဆင့် တိုးတက်လိုသူ စသည်ဖြင့် ကွဲပြားမှု များရှိနေပါသည်။ တစ်ဦးတစ်ယောက်တည်း၏ စွန့်စားလိုမှု၊ ဖန်တီးလိုမှုအတွက် ဆိုစရာစကား မရှိသော်လည်း အများနှင့်ဆိုင်သော အထူးသဖြင့် နိုင်ငံနှင့်ဆိုင်သော အရေးကိစ္စများတွင်မူ အတွေ့အကြုံ၊ သင်ခန်းစာနှင့် သမိုင်းကြောင်းတို့ကို ထည့်သွင်း စဉ်းစားကြရမည် ဖြစ်ပါသည်။ အတွေ့အကြုံအားလုံးကို လက်ခံရမည်ဟု မဆိုလိုသော်လည်း မိမိတို့နိုင်ငံအတွက် လိုအပ်မည့်၊ ကိုက်ညီမည့် အချက်များကိုမူ လက်ခံကျင့်သုံး ကြရမည်ဖြစ်သည်။ သို့မှသာ ထပ်ခါထပ်ခါ မှားတတ်သော အမှားသံသရာကို ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။ ထိုသို့ သင်ခန်းစာဖော်ထုတ် ရယူကြရာတွင်လည်း လူတစ်ဦးနှင့် တစ်ဦးအကြား တန်ဖိုးထားမှုနယ်ပယ်၊ ကျွမ်းကျင်မှုနယ်ပယ်၊ အသိပညာရေချိန်၊ ပတ်ဝန်းကျင်၏လွှမ်းမိုးမှုများအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။

အခြေခံအကြောင်းတရား

အာဇာနည်နေ့ ဘာကြောင့်ဖြစ်လာရသလဲဆိုသည်ကို စဉ်းစားမိပါသည်။ အဖြေမှာ ရိုးရိုးရှင်းရှင်းပင် ဖြစ်ပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ လွတ်လပ်ရေး ဦးဆောင်သူများကို နိုင်ငံတော်သစ္စာဖောက် ဂဠုန်ဦးစောနှင့် အပေါင်းပါများက လုပ်ကြံသတ်ဖြတ်ခြင်းကြောင့်ဟု ဖြေကြပါလိမ့်မည်။ ထိုသို့ ဆိုပါက အာဇာနည်ခေါင်းဆောင်ကြီးများကို ဂဠုန်ဦးစောက မည်သည့်အကြောင်းကြောင့် လုပ်ကြံခဲ့သနည်း။ လုပ်ကြံခြင်း၏ နောက်ကွယ်တွင် ကြိုးကိုင်နေသူက မည်သူဖြစ်သနည်း။ မြန်မာလူမျိုးအချင်းချင်း မည်သည့်အတွက် လုပ်ကြံခဲ့ကြသနည်း။ အာဇာနည်ကြီးများ လုပ်ကြံခံရပြီးနောက် လုပ်ကြံသူ ဂဠုန်ဦးစော၏ ရည်ရွယ်ချက် ပြည့်မြောက်သွားပါသလား။ ယင်းလုပ်ကြံမှုအပြီးတွင် မည်သူတွေ ဆုံးရှုံးပြီး မည်သူတွေ အကျိုးရှိခဲ့ပါသနည်း။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ယနေ့အထိ မြန်မာနိုင်ငံ၏ အခြေအနေ စသည့်စသည့် မေးခွန်းများ၊ အဖြေများ၊ ထပ်ဆင့်မေးခွန်းများနှင့် စဉ်းစားရမည့်အချက်များကို ဆက်စပ်ကြည့်မည်ဆိုပါက အာဇာနည်နေ့ဆိုသည့် ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့၏ နောက်ကွယ်တွင် မိမိတို့အားလုံးအတွက် သင်ခန်းစာယူဖွယ်များကို မြင်တွေ့ ကြရပါလိမ့်မည်။

အကြောင်းတရားကြောင့် အကျိုးတရား ဖြစ်ပေါ်သော လောကနိယာမတွင် အကြောင်းတရားကို မရှာဖွေနိုင်သရွေ့ သို့မဟုတ် အကြောင်းတရားကို မျက်ကွယ်ပြုထားသရွေ့ အနာဂတ်သို့ တက်လှမ်းရန်နှင့် သံသရာမှ ရုန်းထွက်ရန် ခက်ခဲ နေဦးမည်ဖြစ်သည်။ မည်သူမပြု မိမိမှုဆိုသကဲ့သို့ပင် ကိုယ့်ကံကြမ္မာဖန်တီးရေးသည် မိမိကိုယ်တိုင်ပင် မဟုတ်ပါလား။ သို့ဆိုပါလျှင် မည်သို့သော ကံကြမ္မာကို ဖန်တီးကြမည်နည်း။ အလုပ်ဖြင့် သက်သေပြကြရပါလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံအတွက် အလုပ်ဖြင့် သက်သေပြခဲ့ပြီးဖြစ်သည်။

ညီညွတ်ရေး

မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံး စည်းလုံးရေးသည် အဓိကဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏လွတ်လပ်ရေး ကြိုးပမ်းမှု တစ်လျှောက်တွင် အမျိုးသားညီညွတ်ရေးကို တစ်စိုက်မတ်မတ် ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ လွတ်လပ်ရေး ရရှိခဲ့ခြင်း၏ အရင်းခံအကြောင်းတရားသည်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပင်ဖြစ်သည်ကို တွေ့ရပါသည်။ အချိန်တိုအတွင်း တစ်မျိုးသားလုံး၏ ညီညွတ်ရေးရရှိစေသည့် ပင်လုံသဘောတူစာချုပ် ချုပ်ဆိုနိုင်ခြင်းမှာ ဗိုလ်ချုပ်အောင်ဆန်း၏ ထူးခြားလှသော အရည်အချင်းနှင့်စိတ်ဓာတ်ကို တွေ့မြင်ရပါသည်။

၂၃.၁.၄၆ ရက်နေ့ ဖ ဆ ပ လ ပြည်လုံးကျွတ်ညီလာခံ သဘင်ကြီးတွင် ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုကို အကျယ်တဝင့် ရှင်းလင်းခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း အဆိုတင်သွင်းခဲ့သည့် ပြောကြားချက်အချို့ကို ကောက်နုတ်ဖော်ပြ လိုပါသည်။ “အဲဒီလို ပဋိညာဉ်ပေးထားတဲ့အတိုင်း ခုဒီညီညွတ်ရေးအဆိုကို တင်သွင်းရခြင်း ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ကာ လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တစ်တိုင်းတစ်ပြည်လုံး သွေးစည်းပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ။ ဒီလိုမလုပ်ရင် ညီညွတ်ရေးမရဘူးဆိုလို့ရှိရင် ညီညွတ်ရေးကို ပျက်ရာပျက်ကြောင်း လုပ်တဲ့လူတွေ ကျွန်တော်တို့ ကိုယ်တိုင်က ညီညွတ်ရေးကို ဖြစ်မြောက်အောင် တတ်နိုင်သမျှ ရွက်ဆောင်ခြင်းမရှိရင် ခုနတိုင်းပြည်အတွက်၊ လူမျိုးအတွက် အင်မတန် အသက်စွန့်စားပြီး လုပ်ကိုင်ဆောင်ရွက်သွားကြတဲ့ လူတွေကို သစ္စာဖောက်ရာ မလေးစားရာ ကျမှာမို့လို့ ဒီညီညွတ်ရေးအဆိုကို ကျွန်တော်တင်သွင်းခြင်း ဖြစ်ပါတယ်။”

မြန်မာပြည်သည် အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် ( ဝါ ) လွတ်လပ်ရေးရအောင် အလိုဆုံးသောအရာမှာ ညီညွတ်ရေးပင်ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသော အကျိုး၊ တူညီသောအလုပ်နှင့် တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ်ကြောင်း ” ပြောကြားခဲ့ပါသည်။ ( ရည်ညွှန်း။ စာပေဗိမာန်မှ ထုတ်ဝေသော ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ၁၇.၃.၄၅ မှ ၁၉.၇.၄၇ အထိစာအုပ် ) အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းထားရှိသော စိတ်ရင်းစေတနာ၊ ယုံကြည်မှုနှင့် ကြိုးပမ်းမှု၊ လက်တွေ့ အကောင်အထည်ဖော်နိုင်မှုအဖြစ် မြင်တွေ့ရပါသည်။ ထို့အတူ ညီညွတ်ရေး နှင့်ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းက ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ မြို့တော်ခန်းမ၌ ပြောသောမိန့်ခွန်းတွင် အောက်ပါအတိုင်း တဲ့တိုးပြောကြားခဲ့ပါသည်။

“တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသား လူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော် မလိုချင်ဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး တိုင်းသူပြည်သား လူထုညီညွတ်ရေး အဲသည့် ညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလပတ်လုံး ဒီတိုင်းပြည်က လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီ တက်တက် ဘယ်အစိုးရလုပ်လုပ် -ာသည် တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော် ပြောချင်တယ်။ အဲသည်တော့က အဲသည် နှစ်ခုကို ခင်ဗျားတို့ မပျက် ပြားပါစေနဲ့။ ဘယ်သူမှ အလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန် အရေးကြီးပါတယ်။”

ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများသည် ယနေ့ထက်တိုင် နိုင်ငံ၏အခြေအနေ နှင့် ကိုက်ညီနေဆဲဖြစ်သည်ကို တွေ့ရပါသည်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မြော်မြင်ပြောဆို လုပ်ကိုင်ခဲ့သည်များမှာ ယနေ့မိမိတို့ အားလုံးအတွက် လေ့လာရုံ၊ သိရှိရုံ၊ လက်ဆင့်ကမ်းရုံထက်ပိုသော လက်တွေ့ကျင့်သုံးနိုင်ရန် လိုအပ်မည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အတွေး၊ အပြော၊ လုပ်ရပ်တို့ မှန်ကန်၍ တစ်ထပ်တည်း ကျနေသည်မှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ယုံကြည်မှုကို တည်ဆောက် နိုင်ခဲ့ပါသည်။ ထိုယုံကြည်မှုကြောင့်လည်း အချိန်တိုကာလအတွင်း ပြည်ထောင်စုသား တိုင်းရင်းသားအားလုံး၏ စုစည်းညီညွတ်မှုကို တည်ဆောက်နိုင်ခဲ့သည်ကို တွေ့ရပါသည်။ သို့ဖြစ်ရာ နိုင်ငံ့လွတ်လပ်ရေးအတွက် အစဉ်တစိုက် ကြိုးပမ်းခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်ရည်ကိုယ်သွေး၊ ခေါင်းဆောင်မှု၊ တွေးခေါ် မြော်မြင်နိုင်စွမ်းနှင့် နိုင်ငံရေးယဉ်ကျေးမှု အဆင့်အတန်းစသည့် ထူးကဲ အရည်အချင်းများသည်လည်း မိမိတို့အတွက် အတုယူ စရာများပင် ဖြစ်သည်။

နိုင်ငံရေးယဉ်ကျေးမှု

ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးကျင်လည်သည့် အချိန်ကာလသည် ရာစုနှစ်အားဖြင့် ၁၉ ရာစုအတွင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ၊ သခင်ဘဝ၊ စစ်သား ဘဝ၊ နိုင်ငံရေးသမားဘဝဖြင့် လွတ်လပ်ရေးကြိုးပမ်းနေစဉ် အချိန်က နိုင်ငံရေးသိပ္ပံတွင် နိုင်ငံရေးယဉ်ကျေးမှုဆိုသည့် စကားရပ်အား အသုံးမပြုသေးသည်ကို တွေ့ရသည်။ သို့သော် လည်း ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်ကျောင်းသားဘဝ စတင် ခဲ့သည့် ၁၉၃၄ မှ ကျဆုံးခဲ့သည့် ၁၉၄၇ ခုနှစ် အထိ ဗိုလ်ချုပ် အောင်ဆန်း၏ နိုင်ငံရေးယဉ်ကျေးမှု အဆင့်အတန်းသည် ယနေ့ မြန်မာနိုင်ငံ၏ နိုင်ငံရေးယဉ်ကျေးမှုအဆင့်အတန်းထက် များစွာ သာလွန်နေသည်ကို တွေ့ရသည်။ နိုင်ငံရေး ယဉ်ကျေးမှုသဘော၏ အခြေခံများနှင့် ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးယဉ်ကျေးမှု လက်တွေ့များကို ချိန်ထိုးကြည့်မိပါသည်။

နိုင်ငံရေးယဉ်ကျေးမှုဆိုသည့် အယူအဆကို ၁၉၅၆ ခုနှစ် တွင် အမေရိကန်နိုင်ငံရေး သိပ္ပံပညာရှင် Gabriel Almond က သူ၏ Comparative Political System တွင် စတင် အသုံးပြု ရေးသားခဲ့သည်။ နိုင်ငံရေးယဉ်ကျေးမှုတွင် နိုင်ငံရေးစနစ်နှင့် ပတ်သက်သည့် ပြည်သူများ၏ ယုံကြည်မှု သဘောထားများနှင့် ရပ်တည်ချက်များ ပါဝင်သည်ဟု ဆိုပါသည်။ နိုင်ငံရေးယဉ်ကျေးမှုသည် နိုင်ငံရေးစနစ်တစ်ခုအတွင်း ပါဝင်နေသူများအကြား လူတစ်ဦးချင်းစီက နိုင်ငံရေးအပေါ်ထားရှိသည့် သဘောထားများနှင့် ရပ်တည်ချက်များ ဖြစ်သည်ဟု Almond & Powell က ဆိုပါသည်။

နိုင်ငံရေးယဉ်ကျေးမှုတွင် လူတစ်ဦးချင်းစီ၏ သဘောထားနှင့် အလေ့အကျင့် ပါဝင်ပါသည်။ ယင်းသဘောထားနှင့် အကျင့်စရိုက်တို့သည် ၎င်းတို့၏ နိုင်ငံရေး အပြုအမူများအပေါ် ထင်ဟပ်လျက်ရှိသည်။ ယင်းတွင် ကောင်းမွန်သော လူမှုဝန်းကျင်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကျင့်ဝတ်ဆိုင်ရာ အဆုံးအဖြတ်များ၊ နိုင်ငံရေးစိတ်ကူးများ၊ ယုံကြည်ချက်များနှင့် အတွေးအခေါ်များ ပါဝင်ပါသည်။ နိုင်ငံရေးယဉ်ကျေးမှုများသည် လူထု၏ နိုင်ငံရေးအယူအဆများနှင့် လုပ်ဆောင်မှုများ အပေါ် လွှမ်းမိုးလျက် ရှိပါသည်။ သို့ဖြစ်ရာ ပြည်သူများ၏ ဘဝများအတွက် အရေးပါသော အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။ ယင်းတို့သည် ပြည်သူများ၏ အမြင်များ၊ ၎င်းတို့၏ တန်ဖိုးများ၊ စိတ်နေစိတ်ထားများ၊ မျှော်လင့်ချက်များ၊ သစ္စာရှိမှုများ၊ စိုးရိမ်မှုများနှင့် ကြောက်ရွံ့မှုများအပေါ် လွှမ်းမိုးနေပါသည်။ သို့ဖြစ်ရာ ပြည်သူများနှင့် အလုပ်လုပ်ကိုင်ရာ တွင်ဖြစ်စေ၊ ဆက်ဆံရေး တည်ဆောက်ရာတွင်ဖြစ်စေ နိုင်ငံရေးယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးလှပါသည်။

လက်တစ်ကမ်းအဖြေ

ဗိုလ်ချုပ်အောင်ဆန်း မည်သို့သော အကြောင်းတရားများဖြင့် လွတ်လပ်ရေး ရယူပေးနိုင်ခဲ့သည်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့သည်၊ သမိုင်းဝင် အမျိုးသားခေါင်းဆောင်ကြီး ဖြစ်ခဲ့သည်ဆိုသည့် အဖြေများသည် လက်တစ်ကမ်းတွင် ရှိနေပါသည်။ တစ်ဦးချင်းစီ၏ နိုင်ငံရေး ယဉ်ကျေးမှုတို့သည် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးစနစ်အပေါ် အကျိုးသက်ရောက်လျက်ရှိရာ နိုင်ငံရေး ယဉ်ကျေးမှု တိုးတက်ခြင်းနှင့်အတူ မြင့်မားသော နိုင်ငံရေးစနစ်တစ်ရပ် ရရှိနိုင်မည်ဖြစ်ပါသည်။ ပြောင်းပြန်အားဖြင့် မြင့်မားသော နိုင်ငံရေးစနစ်တစ်ရပ် တည်ထောင်မည်ဆိုပါက တစ်ဦးချင်း သို့မဟုတ် လူထု၏ နိုင်ငံရေးယဉ်ကျေးမှုမြင့်မားရန် လိုအပ်မည်ဖြစ်သည်။

လူဆိုသည်မှာ အစွဲကင်းသည်တော့ မဟုတ်။ ယုံကြည်ချက်၊ ခံယူချက်များလည်း တစ်ဦးနှင့်တစ်ဦး ထပ်တူကျ မတူညီနိုင်။ ယင်းသည် သဘာဝပင် ဖြစ်သည်။ သို့သော် အရှိတရားကို မျက်ကွယ်ပြုနေခြင်း၊ အစွဲကြီးသော အမြင်ကျဉ်းမြောင်းမှု၊ ဓမ္မဓိဋ္ဌာန်မကျသော ယုံကြည်ချက်၊ ခံယူချက်၊ သဘောထားများကြောင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ တစ်ဦးချင်းစီက ယင်းအမှားများကို လက်တွေ့ကျကျ သင်ခန်းစာယူနိုင်ကြမှသာ မြန်မာနိုင်ငံ၏ အနာဂတ်ကို တည်ဆောက်နိုင်မည် ဖြစ်ပါသည်။ ယနေ့လိုအပ် နေသောအဖြေကို ၁၉ ရာစုနှစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းက လက်တွေ့ ပြသခဲ့ပြီးဖြစ်သည်။ မိမိကိုယ်ကို မိမိဆင်ခြင်မှုဖြင့် ပြောင်းလဲကြမည်ဆိုလျှင် မျှော်မှန်းသော အနာဂတ်သည် လက်တစ်ကမ်းတွင်သာ ရှိနေပါလိမ့်မည်။ ။

မြန်မာ့အလင်း