လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ

ကြည်လွင်မြင့် (မုဒြာ)

 

မင်္ဂလာပါ ဆရာ။ သွေးပေါင်တက် သွေးပျစ်နေလို့ပါ ဆရာ။ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။ သွေးပျစ်လို့ သွေးတစ်ပုလင်း ထုတ်ထားရတယ် ဆရာ။

 

သွေးပေါင်တက် သွေးပျစ်ရောဂါဟာ လေဖြတ်နိုင်တာမို့ တတ်နိုင်ရင် အထူးကုသမားတော်ကြီးတွေပြပြီး သေချာစွာ ကုသမှုခံယူသင့်ပါတယ်။ တိုင်းရင်းဆေးနည်းအနေနဲ့ တစ်ဖက်က ကုသချင်တယ် ဆိုရင်တော့ သက်ရင်းကြီးရွက်ပြုတ်ပါ။ အရည်ကို တစ်နေ့ မတ်ခွက်တစ်ဝက်မှတစ်လုံး တဖြည်းဖြည်းတိုးသောက်ပါ။ ဒန့်သလွန်ရွက် အရည်ညှစ် အကြမ်းပန်းကန်တစ်လုံး သောက်ရင်လည်း သွေးတိုးကျပါတယ်။

 

ဆရာကြီးခင်ဗျာ။ ကျွန်တော့် အသက်က ၄၉ နှစ်ပါ။ ခြေ၊ လက်တွေကျင်ပါတယ်။ လိမ်းဆေးတွေလိမ်း အနှိပ်ခံစုံနေပါပြီ။ လမ်းလျှောက်ရင် ယိုင်ပြီး ခွေလဲကျချင်ပါတယ်။ လက်ကိုင်ရင်လည်း မမြဲပါ။ လေမလျှောက်သလို စိတ်ထဲက ခံစားရပါတယ်။ ဆေးနည်းကောင်းလေးတွေ ညွှန်ပြပေးပါဆရာ။ မြန်မာဆေးကို အစဉ်လေးစားလျက်ပါ။

 

ဆင်တုံးမနွယ်ပါတဲ့ မြန်မာဆေး တစ်မျိုးမျိုးကို ဝယ်စားပါ။ ဒါမှမဟုတ် ဆင်တုံးမနွယ် အမှုန့်ကြိတ်ပြီးသား (ပရဆေးဆိုင်မှ ဝယ်ယူပြီး) ပျားရည်နဲ့ ရောမွှေ တေထားပါ။ ဖန်ပုလင်းမှာ ထည့်ပြီး အပေါ်မှ နှမ်းဆီ ထည့်အုပ်ထားပါ။ မနက်၊ ည ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။ ဆင်တုံးမနွယ်က အကြောလေလျှောက်ဆေးဖြစ်ပါတယ်။

 

မင်္ဂလာပါရှင့်။ ညီမတစ်ယောက်က လေဖြန်းသလို ဖြစ်တယ်ပြောရမလား။ ပါးတစ်ခြမ်း လှုပ်ရှားမှုမရ ဖြစ်သွားပါတယ်။ ဘယ်လိုဆေးနည်းတွေ ရှိမလဲအကြံပေးပါဦး ဆရာရှင့်။ သူက မျက်နှာတစ်ခြမ်းပဲဖြစ်တာ။ မျက်ခုံးပင့်လို့ မရဘူး။ မျက်စိပိတ်ရင် ညာဘက်က အကုန်မပိတ်ဘူး။ ညာဘက်ပါး တွန့်လို့မရဘူး။ ပါးစပ် ဖောင်းအောင် လုပ်လို့မရဘူး။ အစားအသောက်စားရင်၊ ရေသောက်ရင် ဘေးတစ်ဖက်က ထွက်ကျပါတယ်ရှင့်။ လိုက်နာရမယ့် အချက်တွေ ပြောပြပေးပါရှင့်။

 

 

ပါးရွဲ့ရောဂါပါ။ မျက်နှာတစ်ခြမ်း လေဖြတ်တယ်လို့လည်း ပြောကြပါတယ်။ အအေးပပ်ရင်၊ ခေါင်းလျှော်မှားရင်၊ အမျိုးသမီးတွေ ဓမ္မတာသွေးပေါ်ပြီး စောစောခေါင်းလျှော်ရင် ဖြစ်တတ်ပါတယ်။ ပါးရွဲ့ရင် အမှောင်ထဲမှာနေပြီး အလင်းရောင်ထဲ မထွက်ရ။ တီဗွီမကြည့်ရ။ မျက်ရည်ကျ၊ မျက်လုံးပါကျယ်ပြီး မျက်ကျယ် ပါးရွဲ့ဖြစ် တတ်တယ်။ သူများပြောသံကြားနဲ့ သံပရာသီးမလှိမ့်ပါနဲ့ ပိုရွဲ့သွားတတ်တယ်။ အလှိမ့်များရင် အကြောရောင်ပြီး အကြောပြင်ဆရာ ကိုင်မရဖြစ်တတ်ပါတယ်။ ရေနွေးကို တဘက်နဲ့စိမ်ညှစ်ပြီး ပါးမှာကပ်ပေးပါ။ မျက်စိ ကျယ်သွားတဲ့ဘက်က ပါးရွဲ့တဲ့ဘက် ဖြစ်တယ်။ မုန်ညင်းဆီ ငါးကျပ်သားမှာ ချင်းတက် လက်တစ်ချောင်းစာ ထုခြေထည့်ပြီး မီးနဲ့ဆူအောင် ချက်ထားပါ။ အဲဒီဆီ နွေးနွေးကို ပါးနှစ်ဖက်လုံး လိမ်းထားပါ။ ကွမ်းရွက် မီးကင်ပြီး ပါးမှာကပ်ပေးပါ။ မိဿလင် အမှုန့်ဝယ်ကြပ်ထုပ်လုပ် ရေနွေးငွေ့ခံပြီး ပါးမှာထိုးပေးရင် အမြန်သက်သာပါတယ်။

 

မင်္ဂလာပါ ဆရာ။ သမီးက ရုံးဝန်ထမ်းပါ။ မကြာခဏဆိုသလို ဘယ်ဘက်တစ်ခြမ်း ခေါင်းကိုက်ပါတယ်။ နေ့ခင်း ထမင်းစားပြီးနောက်ပိုင်း ခေါင်းကိုက်တတ်ပါတယ်။ ညနေ ၄ နာရီလောက်ထိ ကိုက်လေ့ရှိပါတယ်။ ဘာဖြစ်လို့ ကိုက်တယ်ဆိုတာနဲ့ ဘာဆေး သုံးစွဲသင့်တယ်ဆိုတာ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။

 

အစာမကြေရင် ခေါင်းကိုက်တတ်ပါတယ်။ ထမင်းချိုင့်ထည့်တဲ့ ရုံးဝန်ထမ်းတွေ အဖြစ်များပါတယ်။ ထမင်းဟင်းကို ပူပူနွေးနွေး အချိန်မှန်မစားသုံးရလို့ ဖြစ်တာပါ။ တိုင်းရင်းဆေးအမှတ် (၂၅) မတဲမြင့်မိုရ်ကုန်းဆေးကို ထမင်းစားပြီးတိုင်း ကော်ဖီဇွန်းငယ်တစ်ဇွန်း ရေနွေးနဲ့ သောက်ပေးပါ။ ဆေးမရနိုင်ရင် ချင်းကိုပါးပါးလှီး ရှောက်ရည်နဲ့ စိမ်ထားပြီးစားပေးပါ။ အစာကြေပြီး ခေါင်းကိုက်လည်း ပျောက်နိုင်ပါတယ်။

 

အစာအိမ်ရောဂါ အရှင်းပျောက်တတ်ပါသလားရှင့်။ ကျွန်မဖြစ်နေတာ ခြောက်လလောက်ရှိပါပြီ။ တစ်လတစ်ခါလောက် မကြာမကြာ ပြန်အောင့်ပါတယ်။ ပြည်ပရောက်နေတဲ့အတွက် ကုသရတာလည်း အဆင်မပြေပါ။ 

 

မြန်မာနိုင်ငံမှာ သေချာစစ်ဆေးပြီး ကုသရင် ပျောက်နိုင် သလားရှင့်။ ဒီရောဂါအတွက်နဲ့ စိတ်လည်းတော်တော် ဖိစီးနေရလို့ပါ။

 

အစာအိမ်ရောင်ရင် အရှင်းမပျောက်ပါ။ ဆင်ခြင်နိုင်မှ အစာအိမ်ရောဂါက သက်သာပါတယ်။ အစာအိမ်ရောင်ရင် ထမင်းနဲ့ မာတဲ့အစာ ခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ။ ကြက်သွန်နီဥ တစ်ဥထည့်ပြုတ်ပါ။ ထမင်းစားချင်ရင် နေ့လယ်စာ တစ်နပ်ပဲ ပူပူနွေးနွေး နှမ်းဆီသင့်ရုံ ဆမ်းစားပါ။ အသားပြုတ်ကြော်၊ ငါးကြော်၊ ကြက်ဥကြော်၊ ပဲရာဇာ ဒါမှမဟုတ် ပဲစင်းငုံဟင်းချိုနဲ့ စားပါ။ အကြော်အလှော်၊ အကြွပ်ကြော်တွေ မစားရပါ။ အပူအစပ်၊ လက်လုပ်ချဉ်တွေ မစားရပါ။ ပျားရည်က အစာအိမ်နာကျက်ပါတယ်။ ယုံယုံကြည်ကြည်နဲ့ မနက်စောစောနဲ့ ညအိပ်ရာဝင် ပျားရည်တစ်ဇွန်း ရေအေးနဲ့သောက်ပါ။ (မြန်မာနိုင်ငံက ဆေးမှာလို့ရရင် တိုင်းရင်းဆေးပညာ ဦးစီးဌာနက တရားဝင်ထုတ်လုပ်တဲ့ တိုင်းရင်းဆေးခန်းသုံး ဆေးအမှတ်(၁၆) အပူငြိမ်းဆေးနဲ့ ဆေးအမှတ် (၇) နွယ်ချိုကဲဆေး ဆတူရောစပ် တစ်နေ့သုံးကြိမ်၊ ညနေဘက်မှာ တိုင်းရင်းဆေး အမှတ် (၂) လေမျိုး ၈ဝ ဆေးကို ရေနွေးနဲ့ ရှောက်ရည် စပ်သောက်ပါ) မြန်မာနိုင်ငံမှာ လာရောက်ကုသတာ ဖြစ်ဖြစ်၊ နိုင်ငံခြားမှာ နေထိုင်ပြီး ကုသတာဖြစ်ဖြစ် အစာအိမ်ရောဂါမျိုးမှာ အစားအသောက် အလွန်ဆင်ခြင်ရပြီး စိတ်ပူပင်သောကရှိရင်လည်း အစာအိမ်ရောင်ရောဂါ မပျောက်ပါ။

 

ဆရာ မင်္ဂလာပါ။ ကျွန်တော် မနက်လင်းခါနီးရင် ဗိုက်ရဲ့ဘယ်ဘက်ရော ညဘက်ပါ နာပါတယ်။ တစ်နေ့လုံး စောင်းပဲအိပ်ရပါတယ်။ ဝမ်းကလည်း မြန်မာဆေး တစ်မျိုးမျိုးသောက်မှ သွားပါတယ်။ ဘယ်လိုလုပ်ရမလဲ ခင်ဗျာ။

 

လေပူထရောဂါပါ။ ညစာ များများမစားပါနဲ့။ အိပ်ရာ ဝင်ခါနီး ရှောက်ရည်နဲ့ ပျားရည်စပ်သောက်ပါ။ တိုင်းရင်း ဆေးအမှတ် (၂) လေမျိုး ၈ဝ ဆေးကို ရှောက်ရည်နဲ့ စပ်သောက်ရင်လည်း သက်သာနိုင်ပါတယ်။ ပွေးကိုင်းများများပါတဲ့ ဆေးတွေစွဲစားရင် အူပါးပြီး လေနာရောဂါဖြစ်တတ်ပါတယ်။ သဘာဝအသီးအနှံ များများစားပြီး ဝမ်းမှန်အောင်ကြိုးစားပါ။

 

ဆရာရှင့်။ ရင်ပြည့်သလို၊ ရင်ခံသလို ရင်ဘတ်ထဲ တင်းတင်းကျပ်ကျပ်ကြီး ဖြစ်နေတယ်။ တစ်ခါတစ်ခါ ရင်ညွန့်ကလည်း အောင့်နေတယ် ဆရာ။ ရင်ညွန့်ကစပြီးအပေါ်ပိုင်းတစ်ခုလုံး တင်းတင်းစူးစူးကြီးဖြစ်နေတယ်။ ဘာဆေးမှီဝဲရမလဲရှင့်။

 

ချင်းတက်ကိုထောင်း အရည်ညှစ် တစ်ဇွန်းကို ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ ဆားကိုလှော်ပြီး ဇွန်းသေးတစ်ဝက်ကို ရှောက်သီးတစ်ခြမ်း အရည်ညှစ်သောက်ရင်လည်း ရင်ချောင်နိုင်ပါတယ်။ ရဲယိုသီးမှည့်ကို ထန်းလျက်နဲ့ ခေါက်စားရင်လည်း ရင်ချောင်စေပါတယ်။

 

ဆရာခင်ဗျာ။ ကျွန်တော် ဝမ်းပျက်နေတာ နှစ်လကျော်ပါပြီ။ ဆေးခန်းပြလည်း ခဏပဲသက်သာပါတယ်။ အခု ဗိုက်အောင့်လာပါတယ်။ ထမင်းစားပြီးချိန်ဆို ပိုအောင့်ပါတယ်။ ဝမ်းက တစ်နေ့နှစ်ကြိမ်၊ သုံးကြိမ် အရည်သွားပါတယ်။ ပြီးခဲ့တဲ့ ၁၅ နှစ်ကျော်ကလည်း ဖြစ်ဖူးပါတယ်။ တိုင်းရင်းဆေးနဲ့မှ ပျောက်ပါတယ်။ အခုလည်း တိုင်းရင်းဆေးကို အာသီသရှိတဲ့အတွက် ဆရာရဲ့လမ်းညွှန်မှုကို တောင်းခံပါရစေ။

 

ထောပတ်ထမင်း ချက်စားပါ။ ဒါမှမဟုတ် ထမင်းပူပူကို ထောပတ်နဲ့နယ်ပြီး ငါးကြော် ဒါမှမဟုတ် အသားကြော်နဲ့စားပါ။ ကောက်ညှင်းငချိပ်ပေါင်းကို နှမ်းဆီ ရွှဲရွှဲနဲ့ နယ်စားရင်လည်း ဝမ်းပျက်၊ ဝမ်းအရည်သွားတဲ့ ရောဂါကို ချုပ်စေတယ်လို့ ရှေးသမားတော်ကြီးတွေ ဓာတ်စာပေးပါတယ်။ ဟင်းအရည်သောက် စားတာကို ရှောင်ထားပါ။ ရေစိမ်း၊ ရေအေး လုံးဝမသောက်ပါနဲ့။ ရေနွေးကြမ်း အဖန်ရည်ထားသောက်ပါ။ မြင်းခွာရွက်ကို ထန်းလျက်နဲ့ ကျိုသောက်ပေးရင် ဝမ်းထိန်းပေးပါတယ်။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော့နှာခေါင်း တစ်ဖက်ပိတ်နေပါတယ်။ နှာရည်မထွက်ပါဘူး။ အသက်ရှူလို့လည်းမဝသလို ဖြစ်ပါတယ်။ နှာခေါင်းထဲ ဆေးရည်ထည့်လည်း မပျောက်ပါဘူး။ လည်ပင်းမှာလည်း ချွဲထသလိုဖြစ်ပြီး အာခေါင်ကပ်တဲ့အခါ အသက်ရှူမဝသလိုဖြစ်ပါတယ်။ ဆေးနည်းလေး ညွှန်ကြားပေးပါ ဆရာ။

 

ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါလိမ့်မယ်။ ချင်းတက် ပါးပါးလှီးပြီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထားပါ။ ရေနွေးကြမ်း သောက်သလို တစ်နေကုန် သောက်နေပါ။ မှိုင်းရှူဆေး ရှူပေးပါ။ တိုင်းရင်းဆေး အမှတ် (၄၃) အကင်းဆယ်ပါး ဆေးမှုန့်ဝယ်ပြီး မီးခဲပေါ်ဖြူး ရှူပေးပါ။ ထိပ်ကပ်နာ (နှပ်ပုပ်စော်နံရင်) အဆင့်ဆိုရင်တော့ မုရိုးပင်ခေါ် ငဖြူကြီးပင် အရွက်တွေကို အခြောက်လှန်း မီးရှို့ပြီး ရှူပေးရင် ပျောက်ပါတယ်လို့ အာယုဗေဒဆေးကျမ်းတွေမှာ ရေးသားထားပါတယ်။

 

မင်္ဂလာပါ ဆရာ။ ညညအိပ်တဲ့အခါ သွားတွေအရမ်းကြိတ်နေပါတယ်ဆရာ။ အဲဒါ ဘယ်လိုလုပ်ရမလဲ ဆရာ။ အခန်းနေ သူငယ်ချင်းက ပြောပါများတော့ တအားလည်း ရှက်လှပါပြီ။ ကျေးဇူးပြုပြီးဖြေပေးပါ။

 

ဖြေဖဝါးဆားပွတ် ဒူးအထက် ရေလောင်း ခြေဆေးအိပ်ပါ။ ဆားနဲ့တိုက်ပြီးမှ အိပ်ရင် သွားကြိတ်သက်သာစေပါတယ်။ ညစာကို လေပွစာတွေစားရင် သွားပိုကြိတ် တတ်ပါတယ်။

 

ဆရာရှင့်။ သမီးချိုင်းမှာ အနာဖု ပေါက်ရာကနေ ကြီးလာပါတယ်။ ထိပ်ဖျားမှာ ပြည်တည်နေပေမယ့် မပေါက်သေးပါ။ ပြည်ပေါက်ချင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဆေးနည်းလေး ညွှန်ပြပေးပါရှင့်။

 

အနာပြည်ပေါက်စေဖို့ လက်ဖက်အစိုနဲ့ ဆားခါး ဒါမှမဟုတ် ရိုးရိုးဆား ရောနယ်ပြီး အုံပေးပါ။ အနာရင့်မှည့်ပြီး ပြည်ပေါက်တဲ့အခါ အနာဝချန်ပြီး သြဇာသီးခြောက် ဒါမှမဟုတ် ဇာတိပ္ဖိုလ်သီး သွေးလိမ်းပါ။ အနာဆိုတာ ပြည်ပေါက်ရင် ပျောက်ပါတယ်။

 

မင်္ဂလာပါ ဆရာရှင့်။ သမီးအဖေရဲ့ နားထဲအနာဖြစ်ပြီး ကိုက်ခဲနေပါတယ်။ နောက်တစ်နေ့မှာတော့ အနာပေါက်သွားလို့ ထင်ပါတယ်။ ပြည်တွေထွက်ကျလာပါ တယ်ဆရာ။ ဘယ်လိုဆေးမျိုး ထည့်ပေးရမယ်ဆိုတာ ညွှန်ပြပေးစေလိုပါတယ်။

 

လက်ဖက်ခြောက် အဖန်ရည်မှာ ဆားခါး ထည့်ဖျော်ပြီး ခပ်နွေးနွေးနားထဲ အပြည့်ထည့်ပြီး ဘေးစောင်း ပြန်သွန်ထုတ် သုံးကြိမ်၊ လေးကြိမ် ပြုလုပ်ပေးပါ။ သုံးရက် လောက်ပြုလုပ်မှ ပြည်ကုန်သွားပါမယ်။ အနာကျက်ဆီအဖြစ် မုန်ညင်းဆီနဲ့ နနွင်းကိုရော ဆူအောင်တည်ပြီး အရည်ကြည်ကို နားကျပ်တံနဲ့ နားကျပ်ပေးပါ။

 

ဆရာရှင့်။ သမီးခြေထောက်က ဝဲစားပြီး ခြေစွယ်လည်းငုပ်လို့ ပြည်တည်နေပြီး ကိုက်ပါတယ်။ အထိမခံနိုင်သလောက်ပါပဲ။ ဘယ်လိုလုပ်ရမလည်း ပြောပေးပါဦး ဆရာရှင့်။ ပြည်တည်ပြီး အရိုးတွေပါ စားသွားမှာလည်း ကြောက်ပါတယ်။

 

လက်ဖက်အစိုနဲ့ ဆားခါးရောနယ်ပြီး အုံပေးပါ။ ပြည်ထွက်ပြီးရင် ခြေသည်းဖော်တဲ့ ဓားငယ်ကို မီးကင်ပြီး ခြေစွယ်ဖော်ပါ။ အနာကျက်အောင် ပျားရည်ထည့်ပါ။ ကုက္ကိုရွက်၊ ဒန်းကြီးရွက်တွေ သန့်စင်အောင် ရေဆေးပြီး အုံနိုင်ပါတယ်။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော် လိပ်ခေါင်းဖြစ်ချင်သလို ဖြစ်နေပါတယ်။ စအိုကနာနေလို့ ဆေးနည်းလေး ညွှန်ပြပေးပါဆရာ။ ဝမ်းသွားပြီးရင် လိပ်ခေါင်းစမ်းမိပါတယ်။

 

ကျားမနိုင်မြစ် သွေးလိမ်းပါ။ ရှားစောင်းလက်ပပ် အနှစ်ကပ်ပေးရင်လည်း သက်သာပါတယ်။ ဝမ်းချုပ် မခံပါနဲ့၊ ဝမ်းချုပ်လျှင် ဆားခါးသောက်ပါ။ ဆားခါးကို လှော်ပါ။ ဖန်ပုလင်းနဲ့ ထည့်ထားပါ။ ဟင်းစားဇွန်း တစ်ဇွန်းမှ နှစ်ဇွန်းအထိ သောက်နိုင်ပါတယ်။ ရှောက်ရည်၊ မန်ကျည်းဖျော်ရည်နဲ့လည်း စပ်သောက်နိုင်ပါတယ်။