လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၄၆)

မင်္ဂလာပါ ဆရာကြီးခင်ဗျာ။ ကျွန်တော့ အမေက ခေါင်းကိုက်ရင် ကွမ်းရွက်တွေ နားထင်ကပ်ခိုင်းတယ် ဆရာ။ အခုကွမ်းရွက်ကပ်တဲ့နားမှာ ဖြူဖြူအကွက်လေးတွေ တွေ့နေတယ်ဆရာ။ အဲဒါ ကွမ်းရွက်နဲ့ ဆိုင်ပါသလား ဆရာ။ နှုတ်ခမ်းပေါ်မှာလည်း အဖုသေးသေးလေးတွေ ပေါက်နေပါတယ်။ ယားတယ်လို့ ပြောပါ တယ်။ အဲဒီဝေဒနာတွေ သက်သာပျောက်ကင်းအောင် ဘယ်လိုကုသရမလဲ ဆရာ။ ကျေးဇူးပြုပြီး ကူညီပေး ပါဦး ဆရာ။

ကွမ်းရွက်ကို ပိုးမကျအောင် ပိုးသတ်ဆေးဖျန်းရင် သေချာရေမဆေးဘဲ မကပ်ပါနဲ့။ ကွမ်းရွက်ကို ရေသေချာဆေးပါ။ သို့မဟုတ် ဆားရည်ခဏစိမ်ပါ။ ပြီးမှကပ်ပါ။ ခေါင်းကိုက်ရင် ချင်းပါးပါးလှီး နားထင်နှစ်ဖက်မှာ ကပ်ပါ။ မျက်ရိုးကိုက်ရင် မျက်စိထောင့်နှစ်ဖက်မှာ ကွမ်းရွက်ကို ပြားစေ့ခန့် ဖဲ့ကပ်ပါ။ တိုင်းရင်းဆေး အမှတ်(၄၃) အကင်းဆယ်ပါး ဆေးမှုန့်ကို မီးခဲပေါ်ဖြူး၊ အငွေ့ကိုရှူပေးရင် ခေါင်းကိုက် သက်သာစေပါတယ်။ အဖြူအကွက်တွေပျောက်ဖို့ ကွမ်းသီးခြမ်းသွေးလိမ်းပါ။ ကြိတ်မှန်ရွက်အရည် ဆွတ်ပေးရင်လည်း ပျောက်ပါတယ်။

 

ဆရာ ကျွန်တော့သားလေး အသက်က နှစ်နှစ်နဲ့သုံးလပါ။ ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက အောက်နှုတ်ခမ်း ကိုက်တဲ့အကျင့် ဖြစ်နေပါတယ်။ နေ့ရော ညပါ ကိုက်တာပါ။ ဘာလုပ်ရမလဲ ဆရာ။

သူငယ်နာလျှာထွက် နှုတ်ခမ်းလျက်၊ ကြက်ဟင်း မြွေသည်းခြေတဲ့။ ကလေးရဲ့ နှုတ်ခမ်းမှာ စပါးကြီးသည်းခြေ ဒါမှမဟုတ် မြွေသည်းခြေမရှိရင် ကြက်ဟင်းခါး ရွက်ချေပြီး ပွတ်ပေးရမယ်လို့ ဆိုပါတယ်။ သူငယ်နာကတော့ ကြီးလာရင်လည်း အလိုအလျောက် ပျောက်သွားတတ်ပါတယ်။ သူငယ်နာအကျင့်ဟာ ခုနစ်နှစ်အရွယ်မှာကုန်ပြီး ကြီးကောင်ဝင်လာရင် ပျောက်သွားတတ်တယ်လို့ ဆိုပါတယ်။ စိတ်ပူပန်စရာ မရှိပါ။

 

ဆရာခင်ဗျာ။ ကျွန်တော့ရဲ့ လက်မောင်းနဲ့ တံတောင်ဆစ်တွေမှာ အဖြူရောင်နဲ့ အနီရောင် အစက်အပြောက်လေးတွေ ပေါ်လာတတ်တယ်။ တစ်ခါတစ်ရံ အများကြီး ပေါ်လာပါတယ်။ အဲဒီလိုအချိန်ဆိုရင် လက်ကို အပေါ်ထောင်ပြီး ထားလိုက်ရင် ပျောက်သွားပါတယ်။ ဘာကြောင့်ဖြစ်မှန်း မသိပါဘူး။ အကွက်တွေ အမြဲထွက်လာမှာ စိုးရိမ်လို့ ဘယ်လိုကုသရမယ်ဆိုတာ ဆရာပြောကြားပေးပါ ခင်ဗျာ။

လေပူရောဂါ အမျိုးမျိုးမှာ သွေးထဲမှာ လေပူရှိတဲ့လက္ခဏာပါ။ နွေ၊ မိုး၊ ဆောင်းဥတု အကူးအပြောင်းတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဖြူရောင်အစက်ထက် အနီရောင်အစက်က ပိုဖြစ်တတ်ပါတယ်။ အရေပြားကို သွေးစီးဆင်းရင် လေပူရောက်သွားတဲ့အခါ အကွက်တွေထတတ်ပါတယ်။ ပြီးရင် ပြန်ပျောက်သွား တတ်ပါတယ်။ လေစာတွေ (ဥပမာ- ခရမ်းသီး၊ မျှစ်၊ မျှစ်ချဉ်၊ ခွေးတောက်၊ ကြောင်လျှာသီး စတာတွေ) ရှောင်စားပါ။ အစက် ဒါမှမဟုတ် အကွက်ပေါ်တဲ့အချိန် ရှားစောင်းလက်ပပ်အနှစ်နဲ့ ပွတ်လိမ်းကြည့်ပါ။ သနပ်ခါးကို သံပရာရည်နဲ့ ဆားအနည်းငယ် ရောသွေးပြီး လိမ်းရင်လည်း သက်သာနိုင်ပါတယ်။ လေပူကြွနေချိန်မှာ အကွက် ထွတ်ပါတယ်။ ရှောက်ရည်နဲ့ ပျားရည် ရောစပ်သောက်ကြည့်ပါ။ နေ့စဉ်သောက်ရင် သွေးထဲမှာ လေပူရောက်တဲ့ ရောဂါသက်သာစေနိုင်ပါတယ်။

 

ဆရာ သမီးအမြဲချမ်းပါတယ်။ လေနည်းနည်း အတိုက်ခံရရင် ခြေဖဝါး၊ လက်ဖဝါးတွေ ပူလာပြီး ဖျားချင်သလို ဖြစ်နေပါတယ်။ ခေါင်းလျှော်တိုင်း ခေါင်းက တအားအေးပြီး ကျဉ်သလိုတောင် ဖြစ်နေပါတယ်။ လည်ပင်း ကုပ်ဆက်နေရာက လေထိရင် ခေါင်းခဲတတ် ပါတယ်။ သမီး ဘာဆေးသောက်ရမလဲရှင့်။

မီးယပ်ချမ်းဆိုတာ သွေးသား လစဉ်မှန်မှန်မပေါ်တဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ ပိန်ပြီး အသားအရေပူ၊ မီးယပ်ငုပ်၊ အဖြူဆင်းရောဂါ နောက်ဆက်တွဲကြောင့် ဝမ်းထဲက ချမ်းတတ်ပါတယ်။ စိတ်ဂနာမငြိမ် ဖြစ်တတ်ပါတယ်။ ကွမ်းရွက် သုံးရွက်၊ ချင်းပါးပါးလှီး ငါးလွှာ၊ ထန်းလျက်ခဲခုနစ်ခဲ ရေနွေးမတ်ခွက် တစ်လုံးနဲ့ ဆူအောင်ထည့်ကျို၊  အကြမ်းပန်းကန် တစ်လုံးစာ မနက်၊ ည သောက်ပေးပါ။ ကြိတ်မှန်ရွက် အရည်ညှစ် (သတ္တုရည် နှစ်ဇွန်းကို) ပျားရည်တစ်ဇွန်း စပ်သောက်ပါ။ ညအိပ်ခါနီး ခြေဖဝါးဆားပွတ် ဒူးအထက်ကနေအောက် ရေလောင်း ခြေဆေးအိပ်ပါ။ ခေါင်းအုံရင်၊ အေးပြီးကျဉ်ရင် ချင်းပါးပါးလှီး နားထင်နှစ်ဖက်မှာ ကပ်ပါ။ အားဆေးအနေနဲ့ နွားနို့ပူပူလေး ညအိပ်ရာဝင်ချိန် သောက်ပေးပါ။ အနောက်တိုင်းဆရာဝန်များက သံဓာတ်ပါတဲ့ အားဆေးတွေ ပေးလေ့ရှိပါတယ်။ အားဆေးဖိုး မတတ်နိုင်ရင် ဟင်းနုနယ်ရွက်ကို ကြော်စားရင်လည်း သံဓာတ်အား ဖြစ်စေတယ်လို့ ဓာတ်စာဆရာဝန်များက ပြောပါတယ်။

 

ဆရာ မင်္ဂလာပါ။ မျက်နှာတစ်ခြမ်း လေငန်းဖမ်းတဲ့သူကို အထောက်အကူပြု ဓာတ်စာအနေနဲ့ ဘယ်လို အစားအစာ၊ အသီးအနှံတွေ ပုံမှန်စားသုံးသင့်ပါသလဲ။ ဆောင်ရန်၊ ရှောင်ရန်တွေကို ကျေးဇူးပြုပြီး ဖြေပေးပါ ဦးဆရာ။

မုန်ညင်းဆီ ငါးကျပ်သားမှာ ချင်းတက် လက်တစ်ချောင်းစာ ထုခြေထည့်၊ မီးနဲ့ ဆူအောင်ချက်ထားပါ။ အဲဒီ ဆီနွေးနွေးကို ပါးနှစ်ဖက်လုံး လိမ်းပါ။ ကွမ်းရွက် မီးကင် ပါးမှာကပ်ပေးပါ။ မိဿလင်အမှုန့်ဝယ် ကြပ်ထုပ်လုပ်ရေနွေးငွေ့ခံပြီး ပါးမှာထိုးပေးရင် အမြန်သက်သာစေပါတယ်။ ပါးရွဲ့သူ ရှောင်ရမယ့်အစာက ဝက်သား၊ အုန်းထမင်း၊ ဒံပေါက်၊ ရေခဲရေ၊ ကုလားပဲနဲ့ လုပ်တဲ့မုန့်တွေ၊ ဝမ်းတွင်းသား၊ အေးခဲထားတဲ့ အစားအစာတွေ၊ အကြောအဆစ်ရောင်စေတဲ့ နီတဲ့အသား၊ ပဲပင်ပေါက်၊ စတော်ဘယ်ရီသီး၊ ခရမ်းချဉ်သီး ပန်ထွေဖျော် စတဲ့အစာတွေ ရှောင်ပါ။ စားရမယ့် ဓာတ်စာတွေက ပဲရာဇာ(ပဲနီလေး)၊ အကြေးခွံပါတဲ့ ငါးတွေ၊ အစိမ်းရောင်ရှိတဲ့ အသီးအနှံမျိုးစုံ၊ ရှောက်သီး၊ သံပရာသီး၊ ကမ္ဗလာသီး ဖျော်ရည်တွေမှာ ပျားရည်တစ်ဇွန်း ထည့်သောက်ပါ။ ပါးရွဲ့နေတုန်း မာကျောတဲ့ အစာတွေရှောင်ပြီး အရည်သောက် များများသောက်ပါ။

 

ဆရာ ခင်ဗျာ။ ကျွန်တော့အလုပ်က တစ်ရက်လုပ် တစ်ရက်နားပါ ဆရာ။ တစ်လကို ၁၅ ရက် ညမအိပ်ရပါဘူး။ ညမအိပ်ရရင် အသည်းကို ထိခိုက်တယ် ကြားဖူးပါတယ်။ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

အနောက်တိုင်း ဆေးပညာအရတော့ ညအိပ်ချိန် ၁၁ နာရီ နောက်ပိုင်းမှာ အသည်းက ခန္ဓာကိုယ်အတွက် ဘေးဖြစ်မယ့် အဆိပ်အတောက်တွေကို ဖယ်ရှားချေ ဖျက်ပေးတယ်လို့ ဖတ်ရဖူးပါတယ်။ အိပ်ရေးပျက်တာဟာ အသည်းရဲ့ လုပ်ငန်းကို ထိခိုက်စေနိုင်ပါတယ်။ အိပ်ရာဝင် နောက်ကျရင် အသည်းအားကောင်းမယ့် သစ်သီးဖျော်ရည် တစ်မျိုးမျိုးကို အားရှိဖို့အတွက် နို့နဲ့ရောစပ်သောက်ပြီး အိပ်သင့်ပါတယ်။ ညအိပ်ရာဝင်ခါနီး ရှောက်သီးအရည် သုံးဇွန်း၊ ပျားရည် တစ်ဇွန်းစပ်ပြီး ရေအေးနဲ့ သောက်ပါ။ အသည်းထိခိုက်တာ ကာကွယ်ပါတယ်။ မုန်လာဥနီဖျော်ရည် သောက်ပေးရင်လည်း အသည်းကောင်းစေပါတယ်။

 

 

ဆရာ သွားကိုက်တာ သက်သာအောင် ဘာဆေးလုပ် ရပါမလဲ ဆရာ။

ပုဏ္ဍရိတ်ရွက် ဒါမှမဟုတ် မာလကာရွက် ဒါမှမဟုတ် သရက်ရွက် အိမ်နားမှာ ရှိတာကို ပြုတ်ပြီး ခပ်နွေးနွေး ငုံပေးပါ။ သွားအခေါင်းရှိရင် လေးညှင်းပွင့်နဲ့ ငရုတ်ကောင်းစေ့ကို ရောထောင်းပြီး နနွင်းနဲ့ ရောနယ်သိပ်ပေးပါ။

 

ဆရာ ပွေးပေါက်နေတာ ဘယ်လိုလုပ်ရမလဲ။ ဆေးထိုးတော့လည်း ပျောက်ပြီး သုံးရက်လောက်ကြာ ပြန်ပြန်ပေါ်လာတယ်ဆရာ။ ဆေးနည်းလေး လမ်းညွှန်ပြပေးပါ ဆရာ။

ပွေးကိုင်း မဲဇလီရွက်နဲ့ ပွတ်ပါ။ ပွေးကိုင်း မဲဇလီရွက်ကို အခြောက်လှန်း လက်ဖက်ခြောက်လုပ်ပြီး စွဲသောက်သူတစ်ယောက်မှာလည်း နူနာလို တစ်ကိုယ်လုံး ပေါက်တဲ့ ပွေးကြီးရောဂါ ပျောက်ကင်းသွားတာကို ကိုယ်တွေ့ တွေ့ဖူးတယ်လို့ ရှေးဆရာကြီးတစ်ယောက် ရေးမှတ်ထားတာကို ဖတ်ရှုရဖူးပါတယ်။ ပွေးကိုင်း မဲဇလီရွက် မရနိုင်တဲ့သူတွေ သြဇာရွက်ကို အသုံးပြုနိုင်ပါတယ်။

 

ဆရာ သမီးမောင်လေးက တစ်ရက်ကို ဆီးအခါ ၂ဝ လောက် သွားတယ်။ ဘယ်ဆေး သောက်ရမလဲ ဆရာ။

ဆီးလွန်တာပါ။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ်ကျွေးပါ။ မာလကာရွက်ကို ထန်းလျက်နဲ့ ကျိုပြီး မတ်ခွက်တစ်လုံးစာ နေ့စဉ်သောက်ပါ။ ထောပတ်ထမင်း ချက်ကျွေးပါ။ အုန်းသီးအဆန်နဲ့ ထန်းလျက်စားပေးပါ။ ငှက်ပျောသီး အစိမ်း၊ ငှက်ပျောအူတိုင်ကို ဟင်းချက်စားရင် ဆီးထိန်းနိုင်ပါတယ်။ ဆီးခုံမှာ မင်းကွတ်သီး သွေးပြီးလိမ်းရင် ဆီးထိန်းနိုင်ပါတယ်။

 

ဆရာ ကျွန်တော့အမေက လျှာမှာရော ပါးစောင်အတွင်းမှာပါ အဖုတွေထွက်နေတာ ဆေးနည်းလေး လမ်းညွှန်ပေးပါ။

လက်ဖက်ခြောက် အဖန်ရည်မှာ ဆားအနည်းငယ် ထည့်ငုံပေးပါ။ ထမင်းရည် ဆားခပ်သောက်ပေးပါ။ ဖီးကြမ်းငှက်ပျောသီး အခွံမှာကပ်နေတဲ့ အသားတွေကို ခြစ်ယူပြီး ပျားရည်တစ်ဇွန်းနဲ့ ရောမွှေစားပေးပါ။ အုန်းစိမ်းရည်သောက်ပါ။ ညအိပ်ရာဝင် မန်ကျည်းမှည့်ဖျော်ရည်မှာ ဆားခါးတစ်ဇွန်း ထည့်သောက်ပါ။ ထမင်းရည် ငှဲ့ချက် မနက်စောစောသောက်ပါ။

 

ဆရာ မင်္ဂလာပါ။ သားက ၁ဝ တန်းကျောင်းသားပါ။ ဆရာ့ဆီမှာ ဉာဏ်ကောင်းစေမယ့် ဆေးနည်း တွေရှိရင် သိချင်ပါတယ်။

'ဉာဏ်ကောင်းဖို့အတွက် မြင်းခွာရွက်တဲ့' မြင်းခွာရွက် ဖျော်ရည်လုပ်သောက်ပါ။ ထန်းလျက်ခဲ ထမင်းစားပြီးတိုင်း စားပါ။ ထမင်းကို ရေငှဲ့ချက်ပြီး ထမင်းရည်ပူပူထဲကို နှမ်းနက်ထောင်း အနည်းငယ် ထည့်သောက်ပါ။ စာကျက်ရင် ပက်လက်ကုလားထိုင်နဲ့ မကျက်ပါနဲ့။ ဉာဏ်ထိုင်းတတ်တယ်။ မျက်နှာသစ်၊ ခြေထောက်ဆေးပြီးမှ စာကျက်ပါ။ စာကျက်ရင်း အစားမစားပါနဲ့။ စာကိုအသံထွက်ဖတ်ပါ။ စာကိုမှတ်မိအောင် ချရေးပြီး လေ့ကျင့်ပါ။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော် တစ်နေကုန် နေပူထဲ နေပြီးမှ မိုးမိလို့လားမသိ၊ နောက်တစ်ရက်ကျ အသံလုံးဝ မထွက်တော့ပါ။ အဲဒါ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

ဆားကို ဒယ်အိုးနဲ့ နီအောင်လှော်ပြီး ဆားလှော် ပူပူနွေးနွေး တစ်ဇွန်းကို သံပရာသီး တစ်လုံးအရည်နဲ့ ဖျော်လျက်ပေးရင် အသံဝင်သက်သာစေပါတယ်။ ကွမ်းရွက်သုံးရွက်နဲ့ အိမ်သုံးဆား ဟင်းစားဇွန်း တစ်ဇွန်းကို ထုပ်ပါ။ သံပြားပေါ်တင်ပြီး မီးအပူပေးပြာချပါ။ အဲဒီပြာ ဆားကို သံပရာရည်နဲ့ဖျော်ပြီး လျက်ပေးပါ။ တစ်နည်း ပြည်ပန်းညိုရွက်ကို ဆားအနည်းငယ်ခတ်ပြီး ဟင်းချိုချက်သောက်ပါ။ ဒါမှမဟုတ် ငှက်ပျောပင်ရဲ့ အူတိုင်ကို ဟင်းခါးချက်သောက်ပါ။

 

ဆရာ အားနည်းပြီး ခေါင်းမူးမူးနေတာ လေးလလောက် ရှိပါပြီ။ ဆေးသွင်းလည်း မထူးပါဘူး။ အဲဒါ အူမကြီးနဲ့ရော သက်ဆိုင်နေသလားလို့ သိချင်ပါတယ် ဆရာ။ တစ်ခါက ဆရာပြောလို့ နနွင်းနဲ့ နွားနို့လည်း သောက်ပါတယ် ဆရာ။ ခေါင်းမူးတာ သိပ်မသက်သာလို့ပါ ခင်ဗျာ။ ဖြေကြားပေးပါဦး ဆရာ။

ဧကရာဇ်ရွက် သုပ်စားပါ။ ရွက်နုကို ရေနွေးဖျော သုပ်စားပါ။ ကြာရှည်ခေါင်းမူးတဲ့သူတွေ ပျောက်ကင်းနိုင်တယ်လို့ ဆေးကျမ်းတွေမှာ တွေ့ရှိရတယ်။ အပွင့်ပွင့်တဲ့ ရာသီမှာ အခြောက်လှန်း သိမ်းထားပြီးစားသုံး သူတွေလည်း ရှိတယ်။

 

 

ဆရာရှင့် သားလေးက ၁၃ ရက်သားပဲရှိပါသေးတယ်။ ချွဲထသလို၊ နှာခေါင်းပိတ်သလို တခွီးခွီးဖြစ်နေလို့ပါ။ ဘယ်ဆေး လူးပေးရမလဲရှင့်။

ဆားကို ရေနွေးနဲ့ဖျော် အအေးခံပြီး တဘက်ငယ် တစ်ခုနဲ့စိမ် ကလေးခြေဖဝါးကပ်ပေးပါ။ ဆားရေဖတ် တိုက်ပေးပါ။ ကွမ်းရွက်မီးကင် မုန်ညင်းဆီ ဒါမှမဟုတ် နှမ်းဆီသုတ်ပြီး ကလေးရင်အုံမှာ ကပ်ပေးပါ။ သူငယ်နာ ခုနစ်ပါး ဆေးဝါလေး (တိုင်းရင်းဆေးခန်းတွေမှာ ရနိုင်တယ်) ဝယ်ပြီး ကလေးရင်အုံ၊ ငယ်ထိပ် တွေမှာ လိမ်းပေးပါ။ နှာစေးရင် ကွမ်းရွက်မီးကင် အရည်ညှစ် အုန်းဆီနဲ့ရောပြီး ငယ်ထိပ်မှာ လိမ်းပေးပါ။

 

ဆရာကြီးရှင့် ခြေခေါက်လဲပြီး ခြေခုံရောင်နေပါတယ်။ ဘာဆေး လိမ်းရမလဲရှင့်။

မုန်ညင်းဆီ၊ ပရုပ်ဆီ လိမ်းနိုင်ပါတယ်။ ရဲယိုရွက်ကို မီးကင် နှမ်းဆီသုပ်ပြီး ခြေခုံမှာကပ် ပတ်တီးစည်းထားရင်လည်း အရောင်ကျစေနိုင်ပါတယ်။