လက်တွေ့အသုံးချ ဆေးနည်းတို (ဆေးမြီးတို)များ (၄၈)

၂၃ ဇန်နဝါရီ

 

ဆရာ၊ ကျွန်တော့်ပါးစပ်က အာပုပ်နံ့နံတာကို ဘယ်လိုလုပ်ရမလဲ ခင်ဗျ။ ဆေးနည်းလေးပြောပြ လမ်းညွှန်ပေးပါ ဆရာ။

 

လေးညှင်းပွင့်ဝါးပေးပါ။ တမာရွက်နှင့် ဆားပြုတ်ငုံပေးပါ။ ညအိပ်ခါနီး မန်ကျည်းမှည့် ဖျော်ရည်မှာ ဆားခါး တစ်ဇွန်းထည့် ဖျော်သောက်ပါက အပုပ်ကင်းစင်စေပါတယ်။ ဂုံခါးအမှုန့်ကို ထမင်းစားပြီးတိုင်း အနည်းငယ် လျက်ပေးပါက ခံတွင်းပုပ်အနံ့ သက်သာစေသည်။ ရှောက်ရည်နှင့် ပျားရည် ရောစပ်ဖျော်ပြီး လျက်ပေးပါက ခံတွင်းနံ့ ကောင်းစေသည်။ ဆီးဖြူသီးကို ဝါးပြီးငုံထားပါက ခံတွင်းအနံ့ ကောင်းစေသည်။ မက်လင်ချဉ် လျက်ဆားကို လျက်ပေးပါက ခံတွင်းပုပ်စော်နံခြင်း သက်သာစေသည်။ လိမ္မော်သီး အခွံကို လျက်ဆားဖြင့် တို့၍ စားပါက ခံတွင်းပုပ်ရောဂါ သက်သာစေသည်။

 

ဆရာကြီးခင်ဗျာ၊ ကျွန်တော်အသက် ၆၆ နှစ်ရှိပါပြီ။ ပထမတုန်းက ဆီးသွားချင်ရင် ထိန်းမနိုင်တာပါ။ အခုတော့ ဝမ်းပါထိန်းမနိုင် ဖြစ်နေပါတယ်။ ဘာဆေးများ သောက်ရမလဲဆရာ။ ကျေးဇူးပြု၍ ဆေးနည်းလေး ပြောပြပေးပါ။

 

ထောပတ်ထမင်းချက်စားပါ (သို့မဟုတ်) ထမင်းပူပူကို ထောပတ်နဲ့နယ် ငါးကြော်(သို့မဟုတ်) အသားကြော်နဲ့ စားပါ။ ကောက်ညှင်းငချိတ်ပေါင်းကို နှမ်းဆီရွှဲရွှဲနဲ့ နယ်စားရင်လည်း ချုပ်စေတယ်လို့ ဆရာကြီးများ ဓာတ်စာ ပေးပါတယ်။ ဟင်းအရည် သောက်စားခြင်းကို ရှောင်ထားပါ။ ရေစိမ်း၊ ရေအေး လုံးဝမသောက်ပါနဲ့။ ရေနွေးကြမ်း အဖန်ရည်သာ သောက်ပါ။ မြင်းခွာနွယ်ပင်ကို ထန်းလျက်နဲ့ ကျိုသောက်ရင်လည်း ဝမ်းထိန်းပါတယ်။

 

ဆရာရှင့်၊ သမီးအသားတွေ အရမ်းယားနေတာ ဘာကြောင့်ပါလဲရှင့်။ ဆေးဆပ်ပြာသုံးတာလည်း အဆင်မပြေပါဘူးရှင့်။ သမီးကို ကျေးဇူးပြု၍ ဆေးနည်းလေး ပြောပြပေးပါဆရာ။

 

ကြက်သွန်ဖြူ မီးဖုတ်စားပါ။ ဥသေးဆို နှစ်လုံး၊ ဥတစ်လုံးဆိုရင် ခုနစ်ဥ (သို့မဟုတ်) ကိုးဥ စားပါ။ တမာရွက် ပြုတ်ရည်နဲ့ ရေချိုးပါ။ ကရမက်သွေးသောက်ပါ။ ကရမက်နဲ့ ဆားသွေးလိမ်းပါ။ ယားယံခြင်းကား လေကင်းမှတ်ရာ(နရသုခိ)၊ လေစာတွေ ရှောင်စားပါ၊ ဥပမာ- မျှစ်၊ မျှစ်ချဉ်၊ ကုလားပဲ၊ မှို၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ ကြောင်လျှာသီး၊ ကြက်ဟင်းခါးသီး၊ ဝက်သား၊ ပင်လယ်စာ၊ အုန်းထမင်း၊ ဒံပေါက်၊ လက်ဖက်ချဉ်စပ်၊ ရေခဲရေ၊ ရေခဲရိုက် အစားအစာများ၊ ကောက်ညှင်း၊ ကောက်ညှင်းနှင့် လုပ်ထားသော မုန့်များ ရှောင်ကြဉ်ပါ။ နေရောင်ခြည်မရသော နေရာတွင်နေလျှင် ပိုယားတတ်ပါတယ်။ နေမထွက်လျှင် အင်ဖက်မီးလှုံဟု ရှေးလူကြီးများ ပြောပါသည်။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော့် ညီတွေ၊ ညီမတွေ မျက်စိနာ နေပါတယ်။ မျက်လုံးဆေတွလည်း နီရဲပြီး ဖူးရောင် နေပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေး ပြောပြပေးပါ ဆရာ။

 

ကျားမနိုင်နွယ်မြစ် သွေးကွင်းပါ။ မန်ကျည်းပင် အခေါက်သွေးလိမ်းပါ။ ရှားစောင်းလက်ပပ် ကပ်ပေးရင်လည်း ရပါတယ်။ မျက်စိဆရာဝန် မပြနိုင်သေးရင် ဆားရည်ကြည်ခတ်ပေးပါ။ ရှေးကလူကြီးများ မျက်စိနီရဲနေရင် မိခင်နို့ရည်ကို ခတ်ပေးလေ့ရှိပါတယ်။

 

ဆရာ မင်္ဂလာပါ။ သမီးက ရေအကြာကြီးချိုးလည်း ခန္ဓာကိုယ်က ပူမြဲပူနေပါတယ်။ နည်းနည်းလည်း ပိန်ပါတယ်။ ကျေးဇူးပြု၍ သမီးကိုဆေးနည်းလေး ပြောပြပေးပါရှင့်။

 

ရှားစောင်းလက်ပပ် အနှစ်ကို သကြားနဲ့ ခေါက်စားပါ။ ရေထဲမှာ ဆားခါးသုံးဇွန်း ထည့်ဖျော် ရေချိုးပါ။ ဆန်ဆေးရည် တစ်ဖန်ခွက်ကို နံနက်ရေမချိုးမီ နေ့စဉ်သောက်ပေးရင် ကိုယ်အပူငြိမ်းပါတယ်။

 

မင်္ဂလာပါ ဆရာ။ လွန်ခဲ့တဲ့ ခြောက်နှစ်က အစာအိမ်အနာ ဖြစ်ဖူးပါတယ်။ အဲဒါခုလည်း အစာမစားနိုင်ဘဲ အစာအိမ်ရောင်နာ ဖြစ်နေလို့ပါ။ ဆေးနည်းလေး ပြောပြပေးပါဆရာ။

 

အစာအိမ်ရောင်ရင် ထမင်းနဲ့မာတဲ့အစာ ခဏရပ်ပြီး ဆန်ပြုတ်သောက်ပါ။ ဆန်လက်တစ်ဆုပ်+ ပဲရာဇာ(ခေါ်) ပဲနီလေး လက်တစ်ဆုပ်စာ ရောပြုတ်။ ကြက်သွန်နီဥ တစ်ဥထည့်ပြုတ်ပါ။ အကြော်အလှော် အကြွပ်ကြော်တွေ မစားရပါ။ အပူအစပ်၊ လက်လုပ်ချဉ်တွေ လုံးဝမရပါ။ ကော်ဖီမစ်၊ ခေါက်ဆွဲခြောက်များ မစားရပါ။ နံနက် ထထချင်း၊ ညအိပ်ရာဝင် ပျားရည်တစ်ဇွန်း ရေအေးနဲ့ သောက်ပါ။ ပျားရည်က အစာအိမ်နာ ကျက်ပါတယ်။ ဖီးကြမ်းငှက်ပျောသီးကို နေ့စဉ်စားပေးလျှင် အစာအိမ်ရောင်ရောဂါ သက်သာစေပါတယ်။ ဖီးကြမ်းငှက်ပျောသီး မီးဖုတ် နေ့စဉ် နှစ်လုံးစားပေးလျှင် အစာအိမ် အနာကျက်သည်ဟု ဆိုပါသည်။ စိတ်တိုလျှင် အစာချေရည် ထွက်ပြီး အစာအိမ်ကို ပြန်လောင်တတ်သဖြင့် စိတ်တို ဒေါသထွက်ရမည့် ကိစ္စများကို ရှောင်ရှားပါ။ စိတ်ပူပန် သောကများလျှင်လည်း အစာအိမ်ရောဂါ ပိုဆိုးတတ်ပါသည်။

 

ဆရာ မင်္ဂလာပါ။ ကလေး ငါးလကျော်ရှိပါပြီ။ နှာစေးချောင်းဆိုးပြီးတော့ ကိုယ်ပူနေပါတယ် ဆရာ။ ဘာဆေးတိုက်ရမလဲ ဆရာရှင့်။ ချွဲသံလည်း ကြားရပါတယ် ဆရာ။

 

ကွမ်းရွက်နဲ့ ချင်းပါးပါးလှီး ရေနွေးစိမ်ထား ရေကျက်အေးလုပ် ဖြည်းဖြည်းချင်း တိုက်ပေးပါ။ ခြေဖဝါးကို ဆားရေဖတ် တိုက်ပေးပါ။ ကွမ်းရွက်မီးကင်ပြီး ရင်ဘတ်နှင့် ကျောကပ်ပေးပါ။ ကွမ်းရွက်မီးကင် အရည်ညှစ် အုန်းဆီနှင့်ရော ကလေးငယ်ထိပ် လိမ်းပေးပါ။ ရနိုင်လျှင် တိုင်းရင်းဆေးအမှတ် (၄၇) သူငယ်နာ (၇)ပါး ဆေးဝါလေး အမှုန့်ဖြင့် ကလေးငယ်ထိပ်၊ နှာခေါင်းထိပ်၊ ရင်ဘတ်တို့တွင် လိမ်းပေးပါ။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော် ဆီးသွားတဲ့အခါ အောင့်အောင့်နေပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေး လမ်းညွှန်ပေးပါ ဆရာ။

 

ရေနွေးကျိုပြီး အအေးခံ။ မြေသောက်ရေအိုးတွင် ထည့်ထားပြီး များများသောက်ပေးပါ။ ကြက်သွန်နီဥထောင်း အရည်တစ်ဇွန်းကို သကြားတစ်ဇွန်း စပ်သောက်ရင် ဆီးကျဉ်သက်သာစေပါတယ်။ ကြက်သွန်နီဥ ပါးပါးလှီးပြီး ဆီးခုံမှာ ကပ်ပေးပါ။ ဆီးသွားရင်နာတာ သက်သာစေပါတယ်။ တစ်နည်း- ဆန်ဆေးရည် တစ်ဖန်ခွက်မှာ သံပရာသီးတစ်ခြမ်း အရည်ညှစ်ထည့်သောက်ပါ။ အိုးရှိရင် လောက်သေရွက်ပြုတ်ရည် မတ်ခွက်နှစ်လုံး ၁၄ ရက်သောက်ပါ။

 

မင်္ဂလာပါ ဆရာ။ သွားကိုက်တာ သက်သာစေမယ့် ဆေးနည်းလေး သိပါရစေရှင့်။

 

ခရေပွင့် အစိုကိုကြိတ် သွားအခေါင်းပေါက်တွင် သိပ်ပါ။ ပုဏ္ဍရိတ်ရွက် ပြုတ်ပြီးငုံပေးပါ။ ကြက်သွန်နီဥအလယ်မှ အူတိုင်ကို ထုတ်ယူ၍ သွားပိုးပေါက်တွင် ဖိပြီးကိုက်ထားပါ။ လေးညှင်းဆီ၊ ငရုတ်ကောင်းဆီများ ဂွမ်းတွင်တို့ပြီး သွားပေါက်တွင် သိပ်ထားလျှင်လည်း ရပါသည်။ သွားနဲ့ပြီး သွားကိုက်လျှင် ထနောင်းခေါက်၊ တမာခေါက်၊ သရက်ပင် ကျီးပေါင်းတို့ကို ပြုတ်ငုံပေးလျှင် နဲ့သောသွားပြန်ခိုင်ပါတယ်။

 

ဆရာကြီးရှင့်၊ သမီးအသက် ၂၃ နှစ်ရှိပါပြီ။ သမီးနှာခေါင်းက နှာရည်အမြဲကျတာ သုံးနှစ်လောက် ရှိပါပြီ။ တစ်ခါတလေ နှာခေါင်းထဲက အစိမ်းဖတ်တွေ ထွက်မှ နေလို့ရပါတယ်။ မထွက်ရင် ခေါင်းတွေ၊ နားတွေ ကိုက်လာပါတယ်။ ညှီစို့စို့အနံ့ကလည်း အမြဲထွက်ပါတယ်။ ဆရာ သမီးကို ဆေးနည်းကောင်းလေးပေးပါဦး။

 

နှာခေါင်းပိတ် ထိပ်ကပ်နာဖြစ်တာပါ။ ရေရှူပါ။ မျက်နှာသစ်ပြီးနောက် ရေကို လက်ခုပ်နဲ့ ရှူသွင်းပါ။ နှာခေါင်းပိတ်ရင် ပွင့်တဲ့အပေါက်ကနေ ငယ်ထိပ်ပေါက်အောင် ရှူသွင်းပါ။ အကျင့်ရရင် ရှူသွင်းတတ်လာပါ လိမ့်မယ်။ ချင်းတက်ပါးပါးလှီး ရေနွေးမတ်ခွက်တစ်လုံးမှာ စိမ်ထားပါ။ ရေနွေးကြမ်းသောက်သလို တစ်နေကုန် သောက်နေပါ။ မှိုင်းရှူဆေးရှူပေးပါ။ တိုင်းရင်းဆေး အမှတ် (၄၃) အကင်းဆယ်ပါးဆေးမှုန့်ဝယ် မီးခဲပေါ်ဖြူး ရှူပေးပါ။ ထိပ်ကပ်နာ (နှပ်ပုပ်စော် နံရင်) အဆင့် ဆိုရင်တော့ မရိုးပင်(ခေါ်) ငဖြူကြီးပင်အရွက်တွေကို အခြောက်လှမ်း မီးရှို့ရှူပေးရင် ပျောက်နိုင်တယ်လို့ အာယုဗေဒ ဆေးကျမ်းများမှာ ပါပါတယ်။

 

မင်္ဂလာပါ ဆရာ။ ကျွန်တော်ဘောလုံးကန်တာ အောက်ကမြေကြီးကို ကန်မိပြီး ခြေချင်းဝတ်က နာနေပါတယ် ဆရာ။ ဘယ်လို လုပ်ရမလဲဆိုတာ ဆေးနည်းလေး သိပါရစေ ဆရာ။

 

ရဲယိုရွက်မီးကင် နှမ်းဆီသုတ် ရောင်တဲ့နေရာမှာကပ်ပြီး ပတ်တီးစည်းထားပါ။ ခြောက်နာရီကြာနေ့စဉ် စည်းပါ။ (တစ်နည်း) မီးဖိုချောင်သုံး သစ်ကြံပိုး အမှုန့်နှင့် ကြက်ဥအကာရော ရေနွေးအနည်းငယ်ဖြင့် ခေါက်ပြီး ဖျော်ပါ။ ခြေချင်းဝတ်မှာသုတ်လိမ်းပြီး ဝါဂွမ်းဖြင့် အုပ်ပါ။ ပြီးလျှင် ပတ်တီးစည်းပါ။ ခြောက်နာရီကြာ ဖြည်ပေးလျှင် အရောင်ကျသွားပါလိမ့်မည်။

 

ဆရာရှင့် ကျွန်မရဲ့အမေက အသက် ၇၂ နှစ်ရှိပါပြီ။ ခြေသလုံး၊ ခြေထောက်နှစ်ဖက်စလုံး ပူပြီးကိုက်ကိုက် နေပါတယ်။ ကျေးဇူးပြုပြီး လိမ်ဆေး၊ စားဆေးလေး ညွှန်ပြပေးပါရှင့်။

 

ကိုက်ခဲ ညောင်းညာဖြစ်ရင် မုန်ညှင်းဆီ ငါးကျပ်သားမှာ ချင်းတက်အနည်းငယ် ထုထောင်းထည့်ပြီး မီးဖြင့် ချက်ထားပါ။ ညောင်းကိုက်သောနေရာတွင် တစ်နေ့ နှစ်ကြိမ် လိမ်းပေးပါ။ မုန်ညှင်းဆီတွင် လေးညှင်းဆီ၊ ငရုတ်ကောင်းဆီ၊ ပရုတ်၊ မင်သော်စသည်များ ထည့်ချက်ပြီး လိမ်းလျှင်လည်း ရပါသည်။ အကြောတက် ညောင်းကိုက်များလျှင် ဝမ်းမှန်အောင် ဂရုစိုက်ပါ။ ညအိပ်ရာ ဝင်ခါနီး မန်ကျည်းမှည့်ဖျော်ရည် သောက်ပေးပါ။ ဆားခါးကို လှော်ပြီး ဟင်းစားဇွန်း တစ်ဇွန်းကို ရှောက်ရည် သုံးဇွန်း၊ ပျားရည်တစ်ဇွန်း စပ်သောက်ပါကလည်း ဝမ်းမှန် အကြောလျော့စေပါတယ်။

 

ဆရာကြီးခင်ဗျာ၊ လေးစားစွာ မေးမြန်းပါရစေခင်ဗျာ။ ကျွန်တော့်အဖေက အသက် ၄၅ နှစ်ရှိပါပြီ။ နေ့ရောညပါ ခြေအဖျားတွေ ထုံကျဉ်တာလေးတွေ ဖြစ်ဖြစ်နေလို့ပါ။ လေဖြန်းချင်တာလားဆိုတာ မသိလို့ပါ ဆရာ။ ဘာလုပ်သင့်လဲဆိုတာ လမ်းညွှန်ပေးပါ ဆရာ။

 

ထုံကျဉ်လေငန်းဖြစ်ချင်နေလျှင် ဆင်တုံးမနွယ်ပါတဲ့ မြန်မာဆေးတစ်မျိုးမျိုး ဝယ်စားပါ(သို့မဟုတ်) ဆင်တုံးမနွယ် အမှုန့်ကြိတ်ပြီးသား (ပရဆေးဆိုင်မှ ဝယ်ယူပြီး) ပျားရည်နဲ့ ရောမွှေထားပါ။ ဖန်ပုလင်းတွင်ထည့် အပေါ်မှ နှမ်းဆီထည့်ပြီး အုပ်ထားပါ။ နံနက်၊ ည ကော်ဖီဇွန်းသေးနဲ့ တစ်ဇွန်းစားပေးပါ။ ပုလင်းကို တစ်ပတ်တစ်ခါ နေရောင်ပြပေးပါ။ ဆင်တုံးမနွယ်က အကြောလေလျှောက်ဆေး ဖြစ်ပါတယ်။

 

ဆရာကြီးရှင့်၊ ကျွန်မအသက် ၄၀ ပါ။ ကျွန်မ ဓမ္မတာလာတာ ရက် ၂၀ လောက်ရှိပါပြီ။ ဒီလို တစ်ခါမှ မဖြစ်ဖူးပါဘူးရှင့်။ အဲဒါ ဆေးနည်းလေးများ လမ်းညွှန်ပေးပါဦးရှင့်။

 

ပန်းလည်းပွင့်ခြောက် (ပရဆေးဆိုင်မှဝယ်) ပြုတ်သောက်ရင် ရက်ရှည်သွေးဆင်းတာ ရပ်ပါတယ်။ ရေနွေးကြမ်း အဖန်ရည် မတ်ခွက်တစ်လုံးမှာ သကြားသုံးဇွန်း ထည့်ဖျော်ပါ။ နံနက်ရေမချိုးမီ ဆန်ဆေးရည် အကြည် တစ်ဖန်ခွက် သောက်ပါ။ မီးကွင်းဂမုန်းရွက်ကို အသုတ် ပြုလုပ်စားပါ။ ဧကရာဇ်ရွက်၊ အပွင့်၊ တရုတ်စံကားပွင့်များ ပြုတ်ပြီး အသုတ်ပြုလုပ်စားပါက သွေးအေးပြီး သွေးပူဆင်း ဝေဒနာများ သက်သာစေနိုင်သည်။

 

ဆရာမင်္ဂလာပါ။ ကျွန်တော်လေးစားစွာဖြင့် မေးပါရစေဗျာ။ ကျွန်တော့်သည်းခြေမှာ ကျောက်တည်နေပါတယ်။ ဘယ်လိုလုပ်ရမလဲ။ ကျေးဇူးပြု၍ ဆေးနည်းလေး လမ်းညွှန်ပေးပါ ဆရာ။

 

သည်းခြေကျောက်တည်လျှင် အုန်းစိမ်း (အုန်သီးအနု) ထိပ်မှဖွင့်ပြီး ကျောက်ချဉ်အခဲသေးသေး (ရွေးစေ့ခန့်) ထည့်ပြီး ခေတ္တစောင့်ပါ။ ပြီးလျှင်မသွန်ဘဲ ပိုက်ဖြင့် စုပ်သောက်ပါ။ နေ့စဉ် ၁၄ ရက် ဆက်သောက်ပါ။ အဝါရောင် ကောက်ရိုးခြောက်ကို ပြုတ်သောက်(သို့မဟုတ်) လက်ဖက်ခြောက်ကဲ့သို့ ရေနွေးအိုးတွင် ခပ်သောက်လျှင် သည်းခြေကျောက်ကျစေပါတယ်။ (တစ်နည်း) ပေပင်မှ ပေရွက်ကိုပြုတ် နေ့စဉ် မတ်ခွက်တစ်လုံးစာ သောက်ပါကလည်း သည်းခြေကျောက်ကျစေပါတယ်။

 

မင်္ဂလာပါ ဆရာ။ ကျွန်မရင်သားတွေ နာနေတာ ရက်၂၀ လောက်ရှိပါပြီ။ အဲဒါ သွေးဆုံးခါနီး လက္ခဏာနဲ့ ဆိုင်ပါသလားရှင့်။ ကျွန်မအသက် ၄၆ နှစ်ရှိပါပြီ။ ဘေးစောင်းအိပ်လို့ ရင်သားကို လက်နဲ့ဖိမိရင်လည်း နာပါတယ် ဆရာ။ စက်ဘီးစီးလို့ လှုပ်ရင်လည်း နာပါတယ်။ ကျေးဇူးပြု၍ ဆေးနည်းလေးဖြေကြားပေးပါ ဆရာ။

 

မြန်မာဆေးနည်းတို ဥသျှစ်သီးကင်း အခြောက်လှန်း အမှုန့်ကြိတ် ပျားရည်နဲ့ရောစား။ တစ်နည်း-ရဲယိုသီးမှည့်ကို ပျားရည်နဲ့ခေါက် တစ်နေ့တစ်လုံးစားပါ။ ရှားစောင်းလက်ပပ် အနှစ်ကပ်ပေးရင်လည်း ရင်သား အနာသက်သာတယ် ပြောပါတယ်။ ညအိပ်ရာဝင် ကပ်ပါ။

 

ဆရာရှင့်၊ အသည်းနှင့် ပတ်သက်၍ မေးခွင့်ပြုပါ။ အရက်ကြောင့် အသည်းအပြင်က ခြောက်လာတာ အစေ့လေးတွေပေါ်နေပြီး အသည်းအထဲက မခြောက်ပါ။ အသည်းထဲမှာ ရေလည်းတွေ့သည်ဟု စစ်ဆေး၍ သိရပါသည်။ ထိုလူနာက အသည်းကင်ဆာ ဖြစ်နေတာလို့ ခေါ်ပါသလား။ သင်္ဘောရွက်အကြောင်း ဖတ်ရ၍ ထောင်းသောက်လျှင် အစိမ်းအတိုင်း သောက်သင့်ပါသလား။ တစ်နေ့ ဘယ်နှကြိမ် ဘယ်လောက် သောက်သင့်ပါသလဲရှင့်။

 

အသည်းအထူးကု ဆရာဝန်၏ ညွှန်ကြားချက်ကို လိုက်နာပါ။ မြန်မာဆေးသုံးစွဲလိုလျှင် သင်္ဘောရွက် အစိမ်းရောင် ရင့်ရင့်ကိုယူပါ။ ရေစင်စင်ဆေးပါ။ ဆုံမှာ ထည့်ထောင်း အရည်ညှစ်ယူ ဟင်းစားဇွန်း နှစ်ဇွန်း၊ နံနက်၊ ညသောက်ပါ။ အသည်းမခြောက်သေးလျှင် ပိုထိရောက်အောင် မက်လင်ချဉ်သီးကို အချဉ်ရည်ချက် တိုက်ပါ။

 

ပြန်မေး - ဆရာရှင့် အဖိုအရွက်သောက်ရမှာလား၊ အမအရွက်သောက်ရမှာလားရှင့်။

 

အဖို၊ အမ မခွဲခြားပါ။ အာနိသင် အတူတူပါပဲ။ အင်္ဂလိပ်ဆေးများ သောက်နေလျှင် နှစ်နာရီခြားမှ သင်္ဘောရွက် အရည်ကို သောက်ပါ။

 

ဆရာ မင်္ဂလာပါ။ ကျွန်တော် ငါးအရိုးစူးတာ လက်ထိုးပြီးတော့ အန်လိုက်ပါတယ်။ သက်သာသွားသလို ရှိပေမယ့် လည်ချောင်းထဲက နာနေပါတယ်။ တစ်ချက် တစ်ချက် အောင့်ပါတယ်။ တံတွေးမျိုချလည်း နာပါတယ် ဆရာ။ ဘယ်လိုလုပ်ရင် သက်သာမလဲ။ ကျေးဇူးပြုပြီး ပြောပြပေးပါဆရာ။

 

အရိုးစူးလျှင် ဖီးကြမ်းငှက်ပျောသီး အမှည့်တစ်လုံးကို သုံးကိုက်နဲ့ မျိုချပါ။ မကျရင် အန်အောင်လုပ်ပါ။ ဆားနှစ်ဇွန်း ရေမတ်ခွက်တစ်လုံးနဲ့ဖျော် ကုန်အောင်သောက် ခဏကြာ အန်ချင်လာလိမ့်မယ်၊ လက်ထိုးပြီး အန်ထုတ်ပါ။ အရိုးကြီးရင် ပါလာလိမ့်မယ်။ တစ်ခါတစ်ရံမှာ အရိုးက မရှိတော့ဘဲ နာနေတဲ့ ဒဏ်ကြောင့် စိတ်က စူးနေတယ် ထင်တာလည်းရှိတယ်။ သတိထားပါ။ လည်ပင်းနာလျှင် နလင်ကျော်သွေးလိမ်းပါ။

 

မင်္ဂလာပါဆရာ၊ မြေးလေးက နှစ်နှစ် ရှစ်လ ရှိပါပြီ။ စကားပြောရင် ထစ်နေလို့ ဘာလုပ်ပေးရမလဲ ဆရာ။ မြင်းခွာရွက်ကို ရေစိမ်ထား၊ နံနက်အိပ်ရာထ (သွားမတိုက်မီ) ဝါးစားပေးလျှင် စကားထစ် သက်သာပါတယ်။ (တစ်နည်း) ဝါးဖြင့် ပြုလုပ်ထားသော ပလွေကိုမှုတ်ပေးလျှင် စကားထစ်သက်သာပါတယ်။ (တစ်နည်း) သံပရာသီးကို မီးဖုတ်ပြာချ ထိုပြာဖြင့် လျှာပွတ်ပေးလျှင် စကားထစ် သက်သာစေပါတယ်။ (တစ်နည်း) ဗာဒံသီး အစေ့အတွင်းမှ အဆန်ကို စားပေးလျှင် စကားထစ် သက်သာပါတယ်။ ကြေးဖလားဖြင့် ရေကိုသောက်ပေးလျှင် စကားထစ်သက်သာပါတယ်။

 

MDN