လမ်းဘေးဈေးဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် အမျိုးသမီးနှစ်ဦးဒဏ်ရာရရှိ

ကျိုင်းလပ်  ၁၈   ဧပြီ

 

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ ပါလျှိုးကျေးရွာအုပ်စု၊ ဝမ်မီးမိုင်ကျေးရွာ၊ တာလေ-ကျိုင်းလပ်ကားလမ်းမပေါ်၌ မော်တော်ယာဉ်တစ်စီး ဈေးဆိုင်တစ်ဆိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်ရောက်တိုက်မိသဖြင့် ယာဉ်ပေါ်ပါ အမျိုးသမီး တစ်ဦးနှင့် ဈေးဆိုင်းအတွင်းရှိ အမျိုးသမီးတစ်ဦးတို့ ဧပြီ ၁၇ ရက် ညနေပိုင်းက ဒဏ်ရာရရှိခဲ့သည်။

 

ဧပြီ ၁၇ ရက်ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ဒုရဲအုပ် ကျော်စွာအောင် တာဝန်မှူးတာဝန် ဆောင်ရွက်နေစဉ် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ စိုင်းတွီ မောင်းနှင်ပြီး ဘေးတွင် ဇနီးဖြစ်သူ ဒေါ်အီလှ လိုက်ပါလာသော မော်တော်ယာဉ်သည် ကျိုင်းလပ်မြို့ဘက်မှ တာလေမြို့ဘက်သို့ မောင်းနှင်လာစဉ် တာလေ-ကျိုင်းလပ်သွား ကားလမ်းမိုင်တိုင်အမှတ် (၂၈ ကီလို)အနီးတွင် အရှိန်မထိန်းနိုင်ဘဲ ကားလမ်းတောင်ဘက်ဘေးရှိ ဈေးဆိုင်အား ဝင်ရောက်တိုက်မိခဲ့သည်။ ယာဉ်တိုက်မှုကြောင့် ဒေါ်အီလှမှာ ဝဲဘက်နဖူးစောင်း ပေါက်ပြဲဒဏ်ရာ တစ်ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဈေးဆိုင်အတွင်း ဈေးရောင်းနေသူ မထွေးထွေးဝေ (၁၉-နှစ်)မှာ ဦးခေါင်းနောက်စေ့ ဖူးရောင်ဒဏ်ရာ တစ်ချက်နှင့် ညာဘက်ခြေကျင်းဝတ်တွင် ဖူးရောင်နာကျင်ဒဏ်ရာ (မစိုးရိမ်ရ)များ ရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် တာလေပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသခဲ့သည်။

 

အမှုမှ မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်သူ စိုင်းတွီကို မိုင်းပါလျှိုးနယ်မြေရဲ စခန်းက အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။ 

 

မြင့်မိုရ်(တာချီလိတ်)