လမ်းဘေးတွင် ရပ်ထားသည့် မော်တော်ယာဉ်များမှ အပိုပစ္စည်းများ ဖြုတ်၍ ခိုးယူသည်ဟု မသင်္ကာဖွယ်ရှိသူ အမျိုးသားတစ်ဦးကို ဖမ်းဆီးအရေးယူ

မန္တလေး  ၁   ဖေဖော်ဝါရီ

 

ညအချိန် လမ်းဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များမှ အပိုပစ္စည်းများအား ဖြုတ်၍ ခိုးယူသည်ဟု မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို မော်တော်ယာဉ် ဘက်မှန်များ၊ မီးခွက်များနှင့် ပစ္စည်းဖြုတ်ယူရာတွင် အသုံးပြုသည့် ကိရိယာများနှင့်အတူ အမှတ်(၈)မြို့မရဲစခန်းမှ လှည့်ကင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များက တွေ့ရှိ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

အမှတ်(၈)မြို့မရဲစခန်းမှ ဒုရဲအုပ်မင်းမင်းသက်နှင့် အဖွဲ့သည် သက်သေများနှင့်အတူ လှည့်ကင်း တာဝန်ဆောင်ရွက်နေစဉ် ယမန်နေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်က ၂၉ လမ်း၊ ၈၁ × ၈၂ လမ်းကြားတွင် မသင်္ကာဖွယ် အမျိုးသားတစ်ဦးကို အိတ်တစ်လုံး၊ စက်ဘီးတစ်စီးနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးရာ အဆိုပါ အမျိုးသားမှာ အောင်ရဲကျော်(ခ)ဖိုးသား၊ ဖြစ်ကြောင်း သိရှိရပြီး ၎င်းကိုင်ဆောင်ထားသော အိတ်အတွင်းမှ မော်တော်ယာဉ် ဘက်မှန်အသေး(၂)ခု၊ မော်တော်ယာဉ် ရှေ့မီးခွက်ကာဗာအသေး(၂)ခု၊ မော်တော်ယာဉ် ရှေ့မှန် ရေကာအသေး(၂)ခု တို့နှင့် ပစ္စည်းဖြုတ်ယူရာတွင် အသုံးပြုသည့် ကိရိယာများ တွေ့ရှိရကြောင်း၊ ယင်းပစ္စည်းများနှင့် ပတ်သက်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြသပြောဆိုနိုင်ခြင်း မရှိသည့်အပြင် လမ်းဘေးတွင် ရပ်နားထားသည့် မော်တော်ယာဉ်များမှ ဖြုတ်၍ ခိုးယူလာသည်ဟု မသင်္ကာဖွယ်ရှိသဖြင့် အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

တင်မောင်(မန်းကိုယ်ပွား)