လမျက်နှာပြင်ပေါ်ရှိ ရေထဲတွင်တည်ရှိသည့် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ခွဲခြားပေးနိုင်သည့်စက် ဂျပန်တီထွင်

တိုကျို၊ မတ် ၁၈

ဂျပန်ကုမ္ပဏီတစ်ခုသည် လမျက်နှာပြင်ပေါ်ရှိ ရေထဲတွင်တည်ရှိသည့် ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်ကို ခွဲခြားပေးနိုင်သည့် lunar water electrolysis စက်ကို တီထွင်ခဲ့ကြောင်း ယနေ့အန်င်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရသည်။

တိုကျိုအခြေစိုက် Takasago Thermal Engineering သည် အဆိုပါစက်၏ စမ်းသပ်မော်ဒယ်ကို ယနေ့တွင် သတင်းထောက်များအား ပြသခဲ့သည်။ ၎င်းကိရိယာသည် အရှည် ၃၀ စင်တီမီတာ၊ အကျယ် ၄၅ စင်တီမီတာနှင့် အမြင့် ၂၀ စင်တီမီတာရှိသည်။ ကုမ္ပဏီမှတာဝန်ရှိသူများက အဆိုပါစက်ပစ္စည်းအား လွှတ်တင်ခြင်းနှင့် ဆင်းသက်ခြင်းများတွင် တုန်ခါမှုများကိုခံနိုင်ရည်ရှိစေရန် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။ ၎င်းစက်တွင် အာကာသအတွင်း ရောင်ခြည်ဒဏ်ခံနိုင်ရည်ရှိသော တစ်ပိုင်းလျှပ်ကူးပစ္စည်းများကိုလည်း ထည့်သွင်းတပ်ဆင်ထားသည်။ မကြာသေးမီနှစ်များအတွင်းက ထုတ်ပြန်ခဲ့သော သုတေသန အစီရင်ခံစာများ အရ လပေါ်တွင်ရေရှိနေသည်ဟုသိရသည်။ လပေါ်ရှိရေကို ဟိုက်ဒရိုဂျင်နှင့် အောက်ဆီဂျင်အဖြစ် ခွဲထုတ်သော အခါတွင် ဟိုက်ဒရို ဂျင်ဓာတ်ငွေ့ကို လောင်စာနှင့် အောက်ဆီဂျင် ဓာတ်ငွေ့ကို လေအဖြစ် အသုံးပြုနိုင်သောကြောင့် ယင်းစက်အားအသုံးချ၍ လပေါ်ရှိ မစ်ရှင်များကို ရေရှည်လုပ်ဆောင်နိုင်ရေး မျှော်လင့်ချက်များ မြင့်မားလျက်ရှိသည်။ ယခုနှစ် ဆောင်းရာသီတွင် ၎င်းစက်ကို လပေါ်သို့သယ်ဆောင်ရန် တိုကျိုအခြေစိုက် ကုမ္ပဏီ တစ်ခုက ဆောင်ရွက်လျက်ရှိသည်။

ကိုးကား -အန်င်အိတ်ချ်ကေ

ဘာသာပြန် - စိုးသူရ