လမ်းများကောင်းမွန်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ရန်ကုန်မြို့တော်ဝန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယနေ့နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ်၊ (၅)ရပ်ကွက် ဥက္ကလာလမ်းမကြီးတစ်လျှောက် လမ်းဝဲ/ယာ လမ်းသားတိုးချဲ့ ကွန်ကရစ်ခင်းကျင်းနေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းမဘေးတစ်လျှောက် သန့်ရှင်းသာယာ သပ်ရပ်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်သည် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက်အတွင်းရှိ ဘောဂဗလလမ်းတစ်လျှောက် ရေမြောင်းများအတွင်းရှိ အမှိုက်နှင့်နုန်းများအား လူအင်အား၊ ယန္တရားအင်အားများဖြင့် ဆယ်ယူရှင်းလင်းနေမှု၊ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး မြောင်းတိုးချဲ့တူးဖော်ရန်နှင့် ငမိုးရိပ်ချောင်းအထိ ဖောက်လုပ်ရန် မှာကြားသည်။

ထို့နောက် တောင်ဥက္ကလာပမြို့နယ်၊ (၃)ရပ်ကွက်၊ စည်ပင်လမ်းသို့ သွားရောက်၍ စည်ပင်လမ်းခင်းကျင်းပြီးစီးမှုနှင့် လမ်းဝဲ/ယာ သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ခင်းကျင်းရန် ကျန်ရှိနေသော ဗဟိုလမ်းအပိုင်း အရှည် ၂၅၀ ပေ၊ အကျယ် ၁၄ ပေ ကွန်ကရစ် ဆက်လက်ခင်းကျင်းရန် မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ 

သတင်းစဉ်