လမ်းမပေါ်တွင် ပြတ်ကျနေသည့်ဓာတ်ကြိုးအား တိုက်မိပြီး လူတစ်ဦး သေဆုံးမှု မန္တလေး၌ဖြစ်ပွား

မန္တလေး ၂၇  ဇူလိုင် 


မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက် ရေစစ်ကန်ဘေးတွင် ပြတ်ကျနေသည့် လျှပ်စစ်ဓာတ်ကြိုးအားတိုက်မိပြီး ဓာတ်လိုက်ကာလူသေဆုံးမှု အခုလ ၂၆ ရက် ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။


ဇူလိုင်လ ၂၆ ရက် ည ၈ နာရီခန့်က အောင်မြေသာစံမြို့နယ် ရေစစ်ကန်ဘေးတွင် ပြတ်ကျနေသည့် ဓာတ်ကြိုးကို ဆိုင်ကယ်နှင့်တိုက်မိပြီး ဆိုင်ကယ်စီးလာသူ၏ ညာဘက်လက်ကို ဓာတ်ကြိုးထိမိကာ ဓာတ်လိုက်မှုဖြစ်ပွားခဲ့သည်။


‘ဓာတ်ကြိုးပြတ်ကျနေတာ အဲဒီနေရာက လူသွားလူလာနည်းတယ်။ မှောင်လည်းမှောင်တယ်။ အဲလမ်းကဖြတ်မောင်းတော့ လီဘာကိုင်ထားတဲ့လက်နဲ့ ဓာတ်ကြိုးနဲ့ထိမိပြီး ဓာတ်လိုက်ပြီးလဲတာ။ ဓာတ်လိုက်ပြီး အဲဒီနေရာမှာ ဆိုင်ကယ်ခွလျက်ကြီး လဲနေတာ။ ကျတော်တို့ရောက်တော့ အသက်က မမီတော့ဘူး’ဟု နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွန်းအောင် ကပြောပါတယ်။


အဆိုပါဖြစ်စဉ်ကြောင့် သေဆုံးသူမှာ ဒေါနဘွားရပ်ကွက် အကွက် ၁၄ တွင်နေထိုင်သူ အသက် ၂၃ နှစ်အရွယ် မောင်စိုးသူအောင်ဖြစ်ကြောင်း သိရသည်။


မန္တလေးမြို့နေပြည်သူများအနေဖြင့် ထူးခြားဖြစ်စဉ်များရှိပါက နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဖုန်းနံပါတ် ဝ၉-၂၀၃၉၁၅၂ ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။


အိမို့မို့ခိုင်


Photo- နန်းတော်ရှေ့ လူမှုကယ်ဆယ်ရေး အဖွဲ့