လမ်းပေါ်မတော်တဆဖြစ်မှုများ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေး

၃ စက်တင်ဘာ

 

နှစ်စဉ် စက်တင်ဘာလ၏ ဒုတိယမြောက် စနေနေ့သည် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ (World First Aid Day) ဖြစ်သည်။ မတော်တဆဖြစ်ရပ်များ၊ ပဋိပက္ခဖြစ်စဉ်များနှင့် ကပ်ဘေးကျရောက်နေသည့် အခြေအနေမျိုးများတွင် ရှေးဦးပြုစုခြင်းအားဖြင့် လှူအသက်ပေါင်းများစွာကို ကယ်တင်နိုင်စွမ်းရှိခြင်းအပေါ် အများပြည်သူတို့ သိမြင်သတိမူလာနိုင်စေရန် ရည်ရွယ်လျက်နှစ်စဉ် စက်တင်ဘာလ၏ ဒုတိယမြောက် စနေနေ့ရောက်တိုင်း ကမ္ဘာတစ်ဝန်းရှိ ကြက်ခြေနီနှင့် လခြမ်းနီအဖွဲ့ပေါင်း ၁၀ဝ ကျော်တို့က ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် အခမ်းအနားများကို ကျင်းပလျက်ရှိသည်။

 

ယခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ ဆောင်ပုဒ်မှာ “First Response to Road Crashes” လမ်းပေါ် မတော်တဆဖြစ်မှုများ ရှေးဦးပြုစုခြင်းဖြင့် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးဟူ၍ ဖြစ်သည်။ နှစ်စဉ် လူတစ်သန်းကျော်တို့သည် ကားလမ်းများပေါ်မှ မတော်တဆဖြစ်ရပ်များကြောင့်သေဆုံးနေကြရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၁၅ ခုနှစ်တွင်ထုတ်ဝေခဲ့သည့် အစီရင်ခံစာတစ်ရပ်၌ ဖော်ပြခဲ့သည်။ အကြောင်း အမျိုးမျိုးကြောင့် သေဆုံးကြရသည့်အနက် ယာဉ်မတော်တဆမှုကြောင့် သေဆုံးရခြင်းမှာ နဝမမြောက် အများဆုံးဖြစ်သည်ဟုလည်း ဆိုသည်။

 

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရာတွင်အပိုင်း နှစ်ပိုင်းရှိရာ မတော်တဆ ဖြစ်ရပ်များ ဖြစ်ပေါ်မလာအောင် ကြိုတင်ကာကွယ်တားဆီးခြင်းနှင့် မတော်တဆဖြစ်ရပ်များ ဖြစ်ပေါ်လာပါ ကလည်း လျင်လျင်မြန်မြန် နည်းစနစ်ကျကျ ကူညီကယ်ဆယ်ဆောင်ရွက်ပေးခြင်းတို့ဖြစ်သည်။ ကြိုတင် ကာကွယ်တားဆီးမှုအပိုင်းတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ မူဝါဒရေးဆွဲချမှတ်မှု၊ စီမံခန့်ခွဲမှု၊ ပြည်သူပညာပေးမှုများ ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ တာဝန်ရှိသူများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းတို့ ပါဝင်သည်။

 

ယာဉ်မတော်တဆဖြစ်ရပ်များ ပေါ်ပေါက်လာပြီဆိုပါက အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် ရောက်ရမည့် အချိန်သတ်မှတ်ချက်(သို့မဟုတ်) နည်းစနစ်မှန်ကန်၍ ထိရောက်သော ရှေးဦးပြုစုမှုကို ရရှိရမည့်အချိန် သတ်မှတ်ချက် (Time Frame)မှာ ၁၀ မိနစ်ဖြစ်သည်။ ယာဉ်တိုက်မှု၊ ယာဉ်တိမ်းမှောက်မှု စသည့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားရာနေရာတွင် သတိလစ်မေ့မျောနေခြင်း၊ ခန္ဓာကိုယ်ပြင်ပ သို့မဟုတ် ခန္ဓာကိုယ်အတွင်း သွေးယိုစီးမှုဖြစ်ပွားခြင်း၊ အရိုးကျိုးကြေခြင်း၊ ဖိညှပ်မှုခံရခြင်း၊မီး သို့မဟုတ် ဓာတုပစ္စည်းတစ်စုံတစ်ရာ လောင်ကျွမ်းမှုခံရခြင်း စသည်ဖြင့်ပြင်းထန်သော ဒဏ်ရာများခံစား ကြရသည့် လူနာများကို အသက်အန္တရာယ်မှ ကယ်တင်နိုင်ရန်မှာ လျင်မြန်မှုနှင့် နည်းစနစ်မှန်ကန်မှု၊ အထောက်အကူပြု ပစ္စည်းကိရိယာများ ပြည့်စုံမှုနှင့်ကျွမ်းကျင်မှုများ လိုအပ်မည်ဖြစ်သည်ဟု ကျွမ်းကျင်ပညာရှင်များက အသိပေးထားသည်။

 

မိမိတို့နိုင်ငံသည် အရှေ့တောင်အာရှ ဒေသတွင်း၌ ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုမြင့်မား သည့် နိုင်ငံထဲတွင်ပါဝင်နေပြီး ယာဉ်မတော်တဆမှုများ၏ ထက်ဝက်နီးပါးခန့်မှာ မော်တော်ဆိုင်ကယ်များ ကြောင့်ဖြစ်သည်ဟု ဆိုသည်။ မည်သည့်လမ်းပေါ် မတော်တဆအမျိုးအစားဖြစ်စေကာမူ ရှေးဦးပြုစုခြင်း ပညာဖြင့် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ပေးနိုင်ရန်၊ တစ်နည်းအားဖြင့် လျင်လျင်မြန်မြန် နည်းစနစ်မှန်မှန်ဖြင့် အသက်ဘေးမှ ကယ်တင်နိုင်ရန်အတွက် ဝိုင်းဝန်းကူညီကြရန် တိုက်တွန်းနှိုးဆော်လျက် လာမည့်စက်တင်ဘာ ၈ ရက်တွင် ကျရောက်မည့် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ကို ကြိုဆိုအပ်ပါကြောင်း။ ။