လမ်းပတ်အတွက် ခေါင်းခဲစရာဖြစ်နေမယ့် ချယ်လ်ဆီးတိုက်စစ်

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကအထိ   လီဗာပူးအသင်းနဲ့ အပြိုင် ပရီမီယာလိဂ်ဖလား ရဖို့  ထိပ်ဆုံးက ရေပန်းစားခဲ့ပြီး  ချယ်လ်ဆီးပရိသတ်တွေက အသင်းရဲ့ ဂန္ထဝင်ကစားသမားလည်းဖြစ် နည်းပြလည်းဖြစ်တဲ့ လမ်းပတ်အပေါ် မျှော်လင့်ချက်တွေ  ပိုခဲ့ကြပါတယ်။ ဒါပေမယ့် ယခုသီတင်းပတ်အတွင်း အဲဗာတန်ကို အရေးနိမ့်ခဲ့ပြီး    ဝုဖ်အသင်းကိုလည်း နှစ်ဂိုး-တစ်ဂိုးနဲ့ ထပ်ပြီး အရေးနိမ့်ခဲ့တာကြောင့်  ကွင်းလယ်က ဖန်တီးပေးတဲ့ အခွင့်အရေးတွေကို  ဒိုင်ခံဖြုန်းတီးပစ်ခဲ့တဲ့ ဝါနာအပေါ် ပရိသတ်တွေက ဒေါသထွက်ခဲ့ပါတယ်။

 

ချယ်လ်ဆီးကွင်းလယ်လူဟောင်း ဂျိုကိုးလ်ကတော့ ဝါနာရဲ့ အရည်အသွေးအပေါ် သူ  သံသယမရှိပေမယ့် ပွဲပန်းမှုကြောင့် ကစားသမား ခြေစွမ်းကျသွားမျိုး ဖြစ်နိုင်တဲ့အတွက်  ဂျရူး လို ဝါရင့်တိုက်စစ်မှူး တစ်ဦးကို  ယခုထက်ပိုပြီး  ပွဲထွက်ကစားခွင့်ပေးမယ်ဆို တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်နေမယ်လို့  အကြံပြုထားပါတယ်။ ဝါနာကိုယ်တိုင်ကလည်း ပွဲဆက်များတဲ့အခါ သူ့အနေနဲ့ နွမ်းနယ်မှု ခံစားရလေ့ရှိကြောင်း ရန်းနက်စ်အသင်းကို ရင်ဆိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် မတိုင်မီ ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်းက  ပြောကြားဖူးပါတယ်။

 

ဝါနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက လိုက်ပ်ဇစ်အသင်းနဲ့ အစွမ်းကုန် တောက်ပခဲ့ပေမယ့်   ယခုနောက်ပိုင်းပွဲတွေမှာ ဂိုးသွင်းခြေပျောက်လာတာကို သတိပြုမိပါတယ်။  မှတ်မှတ်ရရ ဂျာမနီက စပိန်ကို ခြောက်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာကတည်းက ဂျာမနီအတွက် ဝါနာ ဂိုးပေါက်မတွေ့ခဲ့ဘဲ ချယ်လ်ဆီးအတွက် ပြန်ကစားချိန်မှာလည်း  ဆက်လက်ပြီး ဂိုးပေါက် ပျောက်ဆုံးနေတာဖြစ်ပါတယ်။

 

လမ်းပတ်ကတော့ ဝါနာတစ်ယောက်တည်းကို အပြစ်ဖို့ပြီး ဖော်ပြနေတာမျိုးကို သူ့အနေနဲ့ သဘောမကျဘဲ အသင်းလိုက်ပုံစံကောင်းရအောင် ဖော်ဆောင်ဖို့သာ လိုအပ်ကြောင်း တုံ့ပြန်ထားပါတယ်။  ပြဿနာက ချယ်လ်ဆီးတိုက်စစ်မှာ လမ်းပတ်အတွက် ရွေးချယ်စရာ နည်းပါးတဲ့အနေအထားမျိုး ကြုံနေရတာဖြစ်ပါတယ်။ လမ်းပတ်ဟာ ပြီးခဲ့တဲ့နွေဈေးကွက်အတွင်း ကစားသမားခေါ်ယူမှုအတွက် စုစုပေါင်း အသုံးစရိတ် ပေါင် သန်း ၂၂၀ ကို သုံးစွဲထားပြီး တိုက်စစ်ပိုင်းအတွက် ဝါနာနဲ့ ကွင်းလယ်တိုက်စစ်အတွက် ဟာဗက်တို့လို ကစားသမားမျိုးကို ခေါ်ယူအားဖြည့် နိုင်ခဲ့တာကို တွေ့ရပါတယ်။  ဒါပေမယ့် ဒီကစားသမားတွေရဲ့ ခြေစွမ်းကလည်း ပွဲဆက်များလာရင်  အတက်အကျ မြန်လွန်းတာကြောင့်   လမ်းပတ်အနေနဲ့ ဒီဇန်နဝါရီဈေးကွက်အတွင်း  ဂျရူးကို ဆက်ပြီး မထိန်းနိုင်ရင် နောက်ပိုင်းပွဲစဉ်တွေမှာ တိုက်စစ်က ပြီးခဲ့တဲ့နှစ်တုန်းကလို ဘယ်သူပုံမှန်ဂိုးသွင်းပါ့မလဲ  စိုးရိမ်နေရတာမျိုး ထပ်ကြုံပါလိမ့်မယ်။ 

 

ချယ်လ်ဆီးအသင်း  လိုအပ်တဲ့ ဂိုးအရေအတွက် မရခဲ့တာဟာ  နောက်ပိုင်းပွဲတွေမှာ နည်းပြလမ်းပတ်ရဲ့ လူထုတ်ပုံကြောင့်လို့ ပြောလို့ရပြီး လမ်းပတ်ဟာ ဂိုးသမားသစ် မန်ဒီကို ကူဖို့အတွက် နောက်တန်းခံစစ်နေရာမှာ ငါးယောက်အထိ ထားပြီး ကစားစေခဲ့တာက တိုက်စစ်ကို ထိရောက်စွာပံ့ပိုးပေးနိုင်တဲ့ ကစားသမားမျိုး နည်းပါးသွားခဲ့တယ်ဆိုတာ သတိပြုဖို့ လိုပါတယ်။  

 

ဒါကြောင့် လမ်းပတ် အနေနဲ့    ကစားကွက် ပြောင်းမလား၊ ဂျရူးကို ဆက်ထိန်းဖို့ နည်းလမ်းရှာမလား၊ ဒါမှမဟုတ် ဗဟိုတိုက်စစ်မှာ အသင့်သုံးနိုင်မယ့် တိုက်စစ်မှူးမျိုးကို  ထပ်ခေါ်မလား  ခေါင်းခဲနေလောက်ပါပြီ။

 

မေလဲ့သင်း