လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ဒေသတွေမှာ နေထိုင်သူတွေကို နေအိမ်မှာပဲနေထိုင်ရန် အမိန့်ထုတ်ပြန်

၂၀ ဒီဇင်ဘာ

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းရှိ ဒေသတွေမှာ နေထိုင်သူတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုများလာတဲ့အတွက် ဒီနေ့ (တနင်္ဂနွေနေ့) မှစပြီး နေအိမ်မှာပဲနေထိုင်ရန် စနေနေ့နှောင်းပိုင်းမှာ အမိန့်ထုတ်ပြန်ပါတယ်။ 

ဝန်ကြီးချုပ်က ရုပ်မြင်သံကြားကနေ ဗိုင်းရပ်စ်ပိုးကူးစက်မှုဟာ ၇၀ ရာခိုင်နှုန်းအထိ များလာတဲ့ အချက်အလက်တွေ တွေ့ရကြောင်း၊ လန်ဒန်နဲ့ အင်္ဂလန်အရှေ့တောင်ပိုင်းမှာ နေထိုင်သူတွေကို နေအိမ်မှာပဲနေထိုင်ရန် အမိန်ထုတ်ပြန်ကြောင်းနဲ့ အဲဒီအမိန့်ဟာ ဒီဇင်ဘာ ၂၀ ကနေ ၃၀ ရက်နေ့အထိဖြစ်ကြောင်း ပြောကြားပါတယ်။ 

ထုတ်ပြန်လိုက်တဲ့ တားမြစ်မှုအဆင့် ၄ အမိန့်ကြောင့် လူပေါင်း ၁၈ သန်းနီးပါးဟာ ခရစ်စမတ်ပွဲတော်ကို မိသားစုတွေနဲ့ ကျင်းပခွင့်မရတော့ကြောင်း၊ ခရစ်စမတ်ပွဲတော်ကျင်းပရန် မိသားစုတွေနဲ့ တွေ့ဆုံရန် ခရီးသွားခွင့် မရှိတော့ကြောင်း သိရပါတယ်။  

အဆင့် ၄ တားမြစ်ချက်အရ လူတိုင်း အိမ်မှာပဲနေထိုင်ရမှာဖြစ်ပြီး အလုပ်ကိစ္စနဲ့ ပညာရေးကိစ္စကလွဲ၍ ခရီးသွားခွင့် မရှိခြင်း၊ မိသားစုတစ်စုနဲ့ တစ်စု အဆောက်အအုံအတွင်းမှာ တွေ့ဆုံခွင့်မရှိခြင်း၊ အရေးမကြီးတဲ့ ပစ္စည်းအရောင်ဆိုင်၊ ဆံပင်အလှပြင်ဆိုင်၊ လက်သည်း အလှပြင်ဆိုင်၊ အားကစားခန်းမတွေနဲ့ အပန်းဖြေနေရာတွေအားလုံး ပိတ်ထားခြင်း စတဲ့ ကန့်သတ်မှုတွေ ပါရှိပါတယ်။ 


စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတပ်ဂျန်က စကော့လန်မှာ နေထိုင်သူတွေကို ဗြိတိန်ရဲ့ တခြားဒေသတွေကို ခရီးသွားလာခွင့် မရှိကြောင်း၊ ခရစ်စမတ်နေ့တစ်ရက်တည်းသာ တခြားမိသားစုတွေနဲ့ တွေ့ဆုံခွင့်ရှိကြောင်း ပြောပါတယ်။ 

လန်ဒန်မြို့တော်ဝန်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း အခက်အခဲဆုံး ခရစ်စမတ်ပွဲတော်ကို မြို့သူမြို့သားတွေ တွေ့ရတာဖြစ်ကြောင်း ပြောပါတယ်။ 

စနေနေ့မှာ ပိုးတွေ့ရှိသူ ၂၇,၀၅၂ ဦးနဲ့ သေဆုံးသူ ၅၃၄ ဦးရှိကြောင်း သိရပါတယ်။ ဗြိတိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၂,၀၀၄,၂၁၉ ဦးနဲ့ သေဆုံးသူ ၆၇,၀၇၅ ဦးရှိကြောင်း သိရပါတယ်။ 

MDN
ကိုးကား - AFP