လင်းခေးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာ၌ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်မည်

လင်းခေး ဇွန် ၁

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အတွင်း ကျေးရွာ ၁၀ ရွာ၌ ရေရရှိရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

လင်းခေးခရိုင်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် လင်းခေးမြို့နယ်မှ နမ့်တွန်ကျေးရွာနှင့် ဒါးဆိပ်ကျေးရွာ၌ စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ မိုးနဲမြို့နယ်မှ ဆိုင်းဖယ်ကျေးရွာ၌ စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဝမ်ကျောင်းကျေးရွာနှင့် နမ့်စပြေကျေးရွာ၌ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ၊ မလန်းကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း၊ မိုင်းပန်မြို့နယ်မှ ကန်မောက်လျှံကျေးရွာနှင့် လွိုင်နွဲ့ကျေးရွာ၌ စက်ရေတွင်း(တွင်းနက်) တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ မောက်မယ်မြို့နယ်မှ လွိုင်ခွင်သစ်ကျေးရွာ၌ ဆိုလာအမြင့်တင်စနစ်ဖြင့် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း၊ ဝမ်မိုင်ကျေးရွာ၌ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် လုပ်ငန်းအပ်နှံဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပြီး ရေရရှိရေးလုပ်ငန်းများကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေနှင့် ပြည်နယ်ခွင့်ပြုရန်ပုံငွေကျပ် ၃၃၉ ဒသမ ၃၁၅ သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအားလုံး ပြီးစီးသွားပါက သက်ဆိုင်ရာကျေးရွာများနှင့် ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် ရာသီမရွေးသောက်သုံးရေများ ဖူလုံစွာရရှိမည်ဖြစ်ကြောင်း လင်းခေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ငွေထံမှ သိရသည်။

မင်းမြင့်မိုရ်(ကျေးလက်)